ရဲတွေကို ရွာထဲအဝင်မခံပဲ တားဆီးတဲ့ လက်ပံတောင်းဒေသခံ နှစ်ဦး အဖမ်းခံရ

ရဲတွေကို ရွာထဲအဝင်မခံပဲ တားဆီးတဲ့ လက်ပံတောင်းဒေသခံ နှစ်ဦး အဖမ်းခံရ

မုံရွာ မတ် ၂၉ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ ဝက်မှေးရွာဟောင်းမှာ နေအိမ်ပြောင်းရွှေ့မှု ကိစ္စနဲ့ ပက်သက်ပြီး ကန့်ကွက်နေတဲ့ ဒေသခံ အမျိုးသမီးနှစ်ဦး ဒီကနေ့ နေလည် ၁၂ ခွဲအချိန်က ဖမ်းဆီးခံရပါတယ်။

ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ် လက်ပံတောင်း ကြေနီစီမံကိန်းဒေသအတွင်းရှိ ဝက်မှေးရွာဟောင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို ရွာထဲမဝင်ဖို့ သံပုံတီး နှင်ထုတ်ခဲ့ဲကြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ စီမံကိန်းအရ ရွာသစ်ကိုပြောင်းရွှေ့မယ့် အိမ်ထောင်စု ၇ စုကို ပြောင်းရွှေ့ပေးဖို့ ရွာထဲကိုဝင်ဖို့လာကြတာဖြစ်ပါတယ်။ ဒါပေမယ့်အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်မျိုး ထပ်မံမကြုံတွေ့ချင်တော့တဲ့အတွက် တားမြစ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာသစ်ကို ပြောင်းမဲ့ အိမ် ၇ လုံးရှိတယ် ကျွန်မတို့က အိမ်ပြောင်းတဲ့သူတွေကို တားမြစ်တာမဟုတ်ပါဘူး ရွာထဲကို ကားတွေနဲ့ ရဲတွေပဲ အဝင်မခံတာပါ ။ အိမ်ပြောင်းမယ့်သူတွေလည်း ရွာထိပ်အထိ လူနဲ့သယ်ပြီး ထမ်းထုတ်သွားရင် လက်ခံပါတယ်။ ရဲတွေအဝင်မခံတာက  အရင်တုန်းက အဖြစ်ပျက်တွေ ပြန်မကြုံတွေ့ချင်ဘူး။ အဲ့ကြောင့် အဝင်မခံနိုင်တာ ”လို့ ဝက်မှေးရွာဟောင်းက မသွဲ့သွဲ့ဝင်းက မဇ္ဇျိမကို ပြောပါတယ်။

အခုဝက်မှေးရွာဟောင်းမှာ ရွာသစ်ကို ပြောင်းရွေ့မည့် နေအိမ် (၇)လုံး ရှိနေပါတယ် ။အဲ့ဒီနေအိမ်တွေ ပြောင်းရွေ့တဲ့နေရာမှာ ပြဿနာဖြစ်မှာဆိုးတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးလာရောက်ယူတာလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly