ခွဲစိပ်ကုသစရိတ်မတတ်နိုင်၍ လက်ကျိုးသည့်အဘွားအိုတစ်ဦး မကွေးဆေးရုံမှ ခိုးဆင်း

ခွဲစိပ်ကုသစရိတ်မတတ်နိုင်၍ လက်ကျိုးသည့်အဘွားအိုတစ်ဦး မကွေးဆေးရုံမှ ခိုးဆင်း

မကွေး မတ် ၂၉ ။            ။ မကွေးမြို့နယ် ဘုရားပျိုမြောက်ကျေးရွာနေ အသက် ၇၆နှစ်ရှိ အဘွားအို ဒေါ်တင်တင်သည် လက်ကျိုး၍ မကွေးတိုင်းဆေးရုံ တက်ရောက်ကုသနေစဉ် ခွဲစိပ်ဆရာဝန် တောင်းသည့် ငွေသုံးသိန်း မပေးနိင်၍ ဆေးရုံမှ ခိုးဆင်းလာခဲ့ရကြောင်း သတင်းသမားများအား ယမန်နေ့က တွေ့ဆုံပြောကြားခဲ့သည်။

“ကျွန်မအမေဒေါ်တင်တင် ညအချိန် အပေါ့အပါး သွားရာကနေ အိမ်ပေါ်က ပြုတ်ကျပြီး လက်ထိသွားလို့ မကွေးတိုင်းဆေးရုံကြီး ရောက်ပါတယ်။ ဆေးရုံရောက်ပြီး ဓါတ်မှန်ရိုက်ပြီး အပြင်မှာ သွေးစစ်တာ လုပ်ပြီးနောက်မှာ ဆေးရုံက ဆရာမတွေက ဓါတ်မှန်တွေကို အရိုးအထူးကုဆရာဝန်ကြီးဆီ သွားပြခိုင်းခဲ့ပါတယ်။

ဆရာဝန်ကြီးဆီ ရောက်တော့ ဗုဒ္ဓဟူးနေ့ ခွဲစိပ်ခန်းဝင်ရမှာ ဖြစ်တဲ့အတွက် အင်္ဂါနေ့ ညနေ ငွေ၃သိန်းကျပ်ကို သူ့ဆေးခန်း လာပေးမှသာ ဗုဒ္ဓဟူးနေ့ ခွဲစိပ်တဲ့ စာရင်းထဲ ထည့်ပေးမယ်ပြောလို့ အသက်၇၆နှစ်ရှိ ပြီဖြစ်တဲ့ အမေအို ဆေးကုဖို့ ငွေ၃သိန်းရှာမရလို့ ဆေးရုံကနေ ခိုးဆင်းခဲ့ရပါတယ်”ဟု ဆေးရုံတက်ရောက်ခဲ့သူ ဒေါ်တင်တင်၏သမီး မငွေက သတင်သမားများအား ပြောပြသည်။

“အမေအို ဆေးကုချင်ပေမယ့် ပိုက်ဆံ ၃သိန်းမရှိလိ့ု့ ဆေးမကုနိုင်တာကို ဆေးရုံကိုလည်း မပြောရဲလို့ ခိုးဆင်းခဲ့ရတာပါ၊ ကျွန်မတို့အတွက် ငွေ ၃သိန်းဆိုတာ အတော်ကို ခဲရင်းလှပါတယ်။ ကျွန်မကိုယ်တိုင်က အမေအိုကို ရွာမှာထားပြီး တစ်လငွေငါးသောင်းနဲ့ သူများအိမ်မှာ အိမ်ဖော်လုပ်နေရတော့ အခက်အခဲတွေ ဖြစ်လာပါတယ်၊ ကျွန်မတို့အတွက်ငွေ ၃သိန်းဆိုတာ အတော်ကို ခဲယဉ်းလှပါတယ် ဆေးရုံကနေ မရှိဆင်းရဲသားတွေကို ဖေးမကူညီမှု ရစေချင်လို့ အခုလိုပြောပြရတာပါ”ဟု မငွေက ဆက်ပြောသည်။

မကွေးတိုင်းဆေးရုံကြီးတွင်ဆေးကုသမှုပေးနေသော ဌာနများတွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းပြည့်စုံမှု မရှိသောကြောင့် ဆေးတက္ကသိုလ်(မကွေး)မှ သင်ကြားရေးဝန်ထမ်း ဆရာဆရာမများမှ လာရောက်၍ ဆေးကုသလျက်ရှိသူများအား ပြုစု စောင့်ရှောက်ပေးနေရကြောင်း သိရသည်။

မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာပေါ်ထွန်းက “ပါမောက္ခဌာနမှူးတွေဟာ Ward တွေမှာ အကြီးအကဲဖြစ်တယ်၊ ဆေးရုံက ဌာနဝန်ထမ်းတွေ မပြည့်စုံပါဘူး၊အရိုးကျိုး လူနာစတီးရိုး ထည့်ရမယ်ဆိုရင် အဲဒါတွေနဲ့ ပတ်သက်ပြီး ဆေးရုံက တင်ဒါဝယ်ပြီး ထောက်ပံ့ပေးတဲ့ထဲ မပါပါဘူး။ အရိုးကျိုးလို့ ပိုက်ဆံ ပေးရမယ်ဆိုတာတော့မဟုတ်ပါဘူး၊ အထူးကုတွေကတော့ သူတို့ စတီးရိုး ပစ္စည်း သူတို့သုံးရင်တော့ပိုက်ဆံကုန်မယ့် သဘောပဲ ရှိပါတယ်။ ဆေးရုံက လူနာတွေအတွက် အလကား ပေးတာကတော့ ထိုးဆေးအချို့နဲ့ စားဆေး အနဲငယ်သာ ပေးနိုင်ပါသေးတယ်” ဟု ပြောသည်။

မကွေးတိုင်းဆေးရုံကြီးတွင် အမှန်တကယ် ဆင်းရဲနွမ်းပါးသော လူနာများအတွက် အိုဖိုက်အိုတူး ငွေစာရင်းခေါင်းစဉ်မှ အဟာရအတွက် တစ်နှစ်လျင် ငွေကျပ်သိန်း၅၀ အသုံးပြု ထောက်ပံ့ပေးနေပြီး အိုဖိုက်အိုသရီး ငွေစာရင်းခေါင်းစဉ်မှ တစ်နှစ်လျင် ကျပ်၁၅သိန်း အသုံးပြုကာ ဆင်းရဲနွမ်းပါးလူနာများအား ထောက်ပံ့ပေးနေကြောင်း သိရသည်။

မကွေးတိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာများအား ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ကာ ဆန်ပြုတ်နှင့် ရေနွေး နေ့စဉ် လှုဒါန်းပေးနေပြီး ဆေးရုံတက် နွမ်းပါးလူနာများအား အခြားဆေးရုံများသို့ လွှဲပြောင်းကုသရာ၌လည်း ခရီးစရိတ်အချို့အား ထောက်ပံ့ကူညီပေးနေကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required