စပိန်အသင်းက အာဂျင်တီးနားကို ဂိုးပြတ်နိုင်တဲ့ ခြေစမ်းပွဲကို ရုပ်သံလိုင်းမှ ကြည့်ရှုသူ (၆.၃) သန်း ကြည့်ရှုခဲ့

စပိန်အသင်းက အာဂျင်တီးနားကို ဂိုးပြတ်နိုင်တဲ့ ခြေစမ်းပွဲကို ရုပ်သံလိုင်းမှ ကြည့်ရှုသူ (၆.၃) သန်း ကြည့်ရှုခဲ့
(ဓာတ်ပုံ - အီးပီအေ)

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ စပိန်အသင်းက အာဂျင်တီးနားအသင်းကို (၆-၁) ဂိုးပြတ်နဲ့ နိုင်တဲ့ ခြေစမ်းပွဲကို ကမ္ဘာတစ်လွှားမှာ ရုပ်သံလိုင်းက ကြည့်ရှုသူပေါင်း (၆.၃)သန်း ရှိခဲ့ကြောင်း အချက်အလက်များအရ သိရပါတယ်။

စပိန်-အာဂျင်တီးနားပွဲကို Telecinco ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့ပြီး ၎င်းရုပ်သံလိုင်းမှာ ကြည့်ရှုသူ ၃၄.၈ ရာခိုင်နှုန်းဖြင့် ကြည့်ရှုနှုန်းအများဆုံး စာရင်းဝင်ခဲ့တယ်လို့ Formula TV အရ သိရပါတယ်။

အင်္ဂါနေ့ ခြေစမ်းပွဲမှာ အာဂျင်တီနားအသင်းမှာ Ballon d'Or ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၅)ကြိမ်ရ မက်ဆီ လွှဲချော်ခဲ့သလို ဒဏ်ရာက ပြန်လည်သက်သာလာစ အသင်းရဲ့ ဒုတိယအကောင်းဆုံး တိုက်စစ်မှူး အဂူရိုမှာလည်း ပါဝင်ကစားခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး နှစ်သင်းရဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲကို ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းရှိ ပွဲကြည့်ခုံ (၆၅,၅၄၁) အားလုံး နေရာလွတ်မရှိ ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ရာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags