မော်တော်ယာဉ်နည်းပညာ စွမ်းရည်ပြိုင်ပွဲ မကွေးမြို့တွင် ၄ ရက်ကြာ ကျင်းပမည်

မော်တော်ယာဉ်နည်းပညာ စွမ်းရည်ပြိုင်ပွဲ မကွေးမြို့တွင် ၄ ရက်ကြာ ကျင်းပမည်

မကွေး၊ မတ်လ ၂၈ ။            ။ မြန်မာနိုင်ငံတွင် ပထမအကြိမ် Myanmar SKill Competition 2018 Automobile Technology မော်တော် ယာဉ်နည်းပညာ စွမ်းရည်ပြိုင်ပွဲကို မကွေးမြို့ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)တွင် မတ်လ ၂၈ နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

ပြိုင်ပွဲတွင် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)ကျောင်းမှ သင်တန်းသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၂၂ အောက်ရှိ လူငယ်၂၂ ဦး ဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပရခြင်းမှာ အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၁၈) သြဂုတ်လ ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပမည့်ပွဲတွင် မြန်မာနိုင်ငံမှ အလုပ်အကိုင် ကျွမ်းကျင်မှု ကဏ္ဍ၁၂ ခု ဝင်ရောက ်ယှဉ်ပြိုင်ရန် ပြင်ဆင် ဆောင်ရွက်နေသည့်အနေဖြင့် မြန်မာနိုင်ငံ အဆင့်ပြိုင်ပွဲများ ကျင်းပ ပေးနေခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက  ပြောသည်။

မကွေးတိုင်းဒေသကြီးအမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)တွင် မော်တော်ယာဉ် နည်းပညာစွမ်းရည် ပြိုင်ပွဲ လက်ခံကျင်းပရာ ပြိုင်ပွဲတွင် အင်ဂျင်၊ဂီယာဘောက်၊လျှပ်စစ်လုပ်ငန်းများကို ပြိုင်ပွဲဝင်များသည် တစ်ယောက်ချင်း၏ စွမ်းရည်ဖြင့် လုပ်ငန်းတစ်ခုကို ဖြေဆိုချိန် ၃ နာရီဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

“ ပြိုင်ပွဲဝင်တဲ့ ကလေးတွေထဲကနေ ပြိုင်ပွဲဝင် ၄ ဦးကို ရွေးချယ်သွားမှာပါ၊ ရွေးချယ်ခံရတဲ့ လေးဦးကို ရန်ကုန်မြို့မှာ ၄ လ သင်တန်းတွေ ပေးသွားပြီး အဲ့ဒီထဲက နှစ်ယောက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့်ပွဲကို နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့် ပေးမှာပါ” ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလှကြိုင်က ပြောသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ ပညာရှင်များမှ ဒိုင်များအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲ ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို ၊မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလှကြိုင်တို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲ၏ ဒိုင်အဖွဲ့ဝင် များနှင့် မိတ်ဆက်ခြင်း၊ပြိုင်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များကို ဒိုင်အဖွဲ့ဝင် ဦးအောင်ကြည်မောင်က ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required