ကျုးများကြောင့် မရမ်းကုန်းရှိ ချောင်းတစ်ခု ပျောက်ကွယ်လုနီးပါးဖြစ်နေဟု ဆို

ကျုးများကြောင့် မရမ်းကုန်းရှိ ချောင်းတစ်ခု ပျောက်ကွယ်လုနီးပါးဖြစ်နေဟု ဆို
ဓာတ်ပုံ ဦးရန်ရှင်း

ရန်ကုန်၊ မတ် ၂၈ ။            ။ မရမ်းကုန်းမြို့နယ်အတွင်းရှိ ချောင်းတစ်ခုဖြစ်သည့် အောင်သိဒ္ဓိချောင်းမှာ ကျုးကျော်များနှင့် အမှိုက်များကြောင့် မူလချောင်းတိမ်ကောပျောက်ကွယ်နိုင်သည့် အခြေအနေရှိကြောင်း မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

မတ်လ ၂၈ရက်နေ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ၎င်းနှင့်ပတ်သတ်၍ ဖြေရှင်းပေးရန်အစီစဉ်ရှိမရှိကို အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

"မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်တွင်ဖြတ်သန်းစီးဆင်းနေတဲ့အောင်သိဒ္ဓိချောင်းဟာ မူလအကျယ် ပေ ၂၀ ခန့် ရှိတာကို ကျုးကျော်မှုများ မရှိသည့် အောင်သိဒ္ဓိချောင်းအနီးမှာတွေ့ရှိနိုင်ပါတယ်။ သို့သော် လည်းပဲ ရပ်ကွက်အတွင်းဖြတ်သန်းစီးဆင်းတဲ့အခါမှာ ကျုးကျော်ခြံခတ်ပြီး မြေတိုင်းလျောက်ခဲ့ကြမှု၊ ကျုးကျော်ခြံခတ်မှု၊ အိမ်များကျုးကျော်ခြံခတ်မှုတို့ကြောင့် တချို့နေရာများမှာ ၂ ပေ ၃ ပေ လောက် သာ ကျန်တော့ပြီး မိုးတွင်းအခါမှအကြီးအကျယ်ရေကြီးရေလျံမှုများ ပေါ်ပေါက်လျက် ရှိပါတယ် " ဟု ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

ထိုမရမ်းကုန်းမြို့နယ်ရှိ ချောင်းများဧရိယာများပြန်လည်ရရှိစေရန်နှင့် ကျုးကျော်များ ထပ်မံနေထိုင်ခြင်း မရှိရန်အတွက် အုတ်စီမြေထိန်းနံရံတစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတွင် တည်ဆောက်သွား ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး က ပြန်လည်ဖြေကြားခဲ့သည်။

"၂၀၁၈ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့မရမ်းကုန်းမြို့နယ်အပိုင်းမှာ အလျား နှစ်ထောင် ပေနဲ့ မြေထိမ်းနံရံပြုလုပ်ဖို့လည်းလျာထားပြီးဖြစ်ပါတယ်။ ဒီမြေထိန်းနံရံတွေကို အုတ်စီမြေထိန်းနံရံနဲ့ သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီပေါ်မှာထပ်ကျုးကျော်လို့မရပါဘူး။ အဲဒီတော့ဒီအတွက်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ဂရုစိုက်ရပါမယ် ။ အပိုင်းက နှစ်ပိုင်းဖြစ်ပါတယ်။ ချောင်းဧရိယာ ပြန်လည် ရရှိဖို့နဲ့ ဒုတိယပိုင်းက ထပ်ပြီး မကျုးကျော်ဖို့ပါ ။ ဒီနှစ်ပိုင်းက တစ်ပိုင်းစီလည်းစဉ်းစားရသလို ဆက်စပ်နေတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စည်ပင်ဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် အောင်သိဒ္ဓိချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် အမှိုက်များရှင်းလင်းစေ ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ စီမံရေးရာဌာနတို့ ပူးပေါင်းကာ နှစ်လတစ်ကြိမ် ဆောင်ရွက်လျက်ရှိနေသည်။

ချောင်းရိုးတစ်လျောက်မြေထိန်းနံရံအပြည့်တည်ဆောက်နိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်ချထားမှုအပေါ်မူတည်ကာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဥိးမောင်မောင်စိုးက ပြောသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများအရ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူလူဦးရေစုစုပေါင်း (၁၉၈,၁၁၃) ဦးရှိနေပြီး ၂၀၁၆ စက်တင်ဘာလမှ စတင်ကောက်ခံခဲ့သည့် စာရင်းအရ ကျုးကျော် အိမ်ထောင်စု ပေါင်း (၁၀၅,၄၄၉)စု၊ ကျုးကျော်အဖြစ်သတ်မှတ်ခံထားရသည့်လူဦးရေပေါင်း (၄၃၁,၀၅၀) ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required