ပုဂံ​ဒေသတွင်​ ပလင်​းကမ်​းသာယာ ဆင်​စခန်​း စတင်​ဖွင်​့လှစ်​ပြီ

ပုဂံ​ဒေသတွင်​ ပလင်​းကမ်​းသာယာ ဆင်​စခန်​း စတင်​ဖွင်​့လှစ်​ပြီ

ပခုက္ကူ၊မတ်လ ၂၈ ။             ။ ပုဂံ-ညောင်ဦးဒေသ ဆင်အခြေပြုခရီးသွားလုပ်ငန်းအတွက် ပလင်းကမ်းသာယာ ဆင်စခန်းကို မတ်လ ၂၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်စခန်းအား လာရောက်လည်ပတ်ကြမည့် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ဝင်ကြေးများ၊ဆင်စီးခများ သတ်မှတ် ကောက်ခံသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။

ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ဝင်ကြေး ကျပ် တစ်ထောင်၊  ပြည်ပဧည့်သည်ဆိုလျှင် ကျပ် တစ်သောင်း၊ ဆင်စီးခ တစ်ဦးလျှင် ကျပ် ၅၀၀၀၊ ဆင်စီးခ ပြည်ပဧည့်သည်ဆိုပါက ကျပ် တစ်သောင်း ကောက်ခံမည်ဟု သိရသည်။

"ဆင်စခန်းဝင်ကြေးအနေနဲ့ ပြည်တွင်းကို တစ်ဦး၁ထောင်ကျပ်၊ပြည်ပအနေဖြင် တစ်ဦးကို ၁ သောင်းကျပ် ကောက်ခံပါမယ်။ ဆင်စီးခအနေဖြင့်ကတော့ တစ်ဦးကို ၅ထောင်ကျပ်ကောက်ခံပါမယ် ပြည်အနေဖြင့် တစ်ဦးကို ၁သောင်းကျပ် ကောက်ခံပါမယ်။လက်ရှိအနေနဲ့ စခန်းဖွင့်ဖို့ ဆင် ၄ ကောင်နဲ့ စခဲ့ပါတယ် ။ ခုလက်ရှိ ဆင် ၂ကောင် တိုးပြီး ဆင် ၆ ကောင်နဲ့ လည်ပတ်နေပါတယ်"ဟု မြန်မာ့သစ်လုပ်ငန်း၊ ညောင်ဦးဖောင်ဖွဲ့ဒေသ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက မဇ္ဈိမ သို့ ပြောသည်။

အညာဒေသအနေဖြင့် ပူပြင်းသောကြောင့် ဆင်များအား ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် အပူဒဏ်များလျှော့ချရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်ဟု သိရသည်။

"ပုဂံ-ညောင်ဦး အညာဒေသက ပူပြင်းတဲ့ဒေသဖြစ်တဲ့အတွက် ဆင်တွေရဲ့ အပူချိန်လျှော့ချဖို့အတွက် အပူဒဏ်ခံ တဲ့ ထန်းရွက်မိုး ထန်းလုံးတိုင်တွေနဲ့ ဆင်တဲတွေ ဆောက်ထားပါတယ်" ဟု ဦးမျိုးမင်းကို က ပြောသည်။

ထို့ပြင် ရာသီဥတု ပူပြင်းသောကြောင့် အသက်ငယ်သော ဆင်များကိုသာ အဓိက ထားရှိပြီး ဆင်ဆရာဝန်များ ဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နေသည်ဟု သိရသည်။

"ဒီမှာက ရာသီဥတု နည်းနည်းပူပါတယ်။ အဲ့ဒါကြောင့် ဆင်ငယ်တွေ အသက်ကြီးတဲ့ဆင်တွေ မဟုတ်တဲ့ အသက် ၃၀အောက် ဆင်တွေကို အဓိက ခေါ်ထားပါတယ်။ ပြီးတော့ သူတို့ရဲ့ ကျန်မာရေးအပေါ်မူတည်ပြီး ဆင်ဆရာဝန်တွေ တစ်ယောက်တစ်လှည့်စီနဲ့ နေပေးပြီး ဆင်တွေရဲ့ ကျန်းမာရေးထူးခြားတာနဲ့ ဆေးဝါးကုသ ပေးကြမှာပါ"ဟု စစ်ကိုင်းတိုင်း တိုင်းဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင်က ပြောသည်။

ဆင်များအတွက် ဆင်စာများ စနစ်တကျ စိုက်ပျိုးထားပြီး ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး စနစ်ကျဖြင့် ထိန်းသိမ်းသွားမည်ဟု သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းအနေဖြင့် ညောင်ဦးမြို့ အရှေ့ဘက် ၅မိုင်အကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင်ရှိကာ ဆင်စီးသော ဝန်ဆောင်မှုများအပြင် မြန်မာ့သစ်လုပ်ငန်းပိုင်သင်္ဘောများဖြင့် ဧရာဝတီမြစ်အတွင်း ညနေပိုင်းအချိန်များတွင် နေဝင်ချိန် လှည့်လည် ကြည့်ရှုသည့် ဝန်ဆောင်မှုများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly