လိဂ်-၂ ပွဲစဉ် ၁၇ တွင် GFA အသင်း ပွဲကျပ်သော်လည်း Horizon အသင်း ပွဲချောင်နေ

လိဂ်-၂ ပွဲစဉ် ၁၇ တွင် GFA အသင်း ပွဲကျပ်သော်လည်း Horizon အသင်း ပွဲချောင်နေ
လိဂ်-၂ ပွဲစဉ်တစ်ပွဲဖြစ်သော Horizon အသင်းနှင့် မောရဝတီအသင်းတို့ ကစားနေစဉ်။ ဓာတ်ပုံ - သောကြာ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၇ တွင် GFA အသင်းက အဆင့် ၅ နေရာမှ မြဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး Horizon အသင်းမှာ အသင်းသစ် ဖုန်ဂန်အ သင်းနှင့် ကစားရမည် ဖြစ်သည်။

လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်များ မကုန်ဆုံးမီ၌ပင် ဆောက်သမ်းအသင်းက တန်းတက်ခွင့် ရရှိခဲ့ပြီ ဖြစ်သော်လည်း လက်ကျန် ဒုတိယနေရာမှ တန်းတက်ခွင့် တစ်နေရာအတွက် GFA အသင်းနှင့် Horizon အသင်းတို့ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ကစားရမည်။

မြန်မာ နေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ ပွဲစဉ် ၁၈ တွင် ပြီးဆုံးမည်ဖြစ်ပြီး ပွဲစဉ် ၁၆ ကစားအ ပြီးချိန်တွင် GFA အသင်းက ရမှတ် ၃၅ မှတ်ရထားပြီး Horizon အသင်းက ရမှတ် ၃၂ မှတ် ရရှိထားသည်။

GFA အသင်းက Horizon အသင်းထက် တန်းတက်ရန် အခြေအနေ ပိုကောင်းနေသော်လည်း လက်ကျန်နှစ်ပွဲတွင် မြဝတီအသင်း၊ ဆောက်သမ်းအသင်းတို့နှင့် ကစားရမည် ဖြစ်သောကြောင့် ပွဲကျပ်နေ သည်။

Horizon အသင်းမှာ လက်ကျန်နှစ်ပွဲတွင် ဖုန်ဂုန်အသင်း၊ တက္ကသိုလ် လက်ရွေးစင် အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။ ပွဲစဉ် ၁၇ ပွဲစဉ်များကို သြဂုတ် ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ရန်ကုန်မြို့၊ ပဒုမ္မာဘောလုံးကွင်းနှင့် စလင်းဘောလုံးကွင်းတို့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ပွဲစဉ် ၁၇ တွင် တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် Best United အသင်း၊ ဆောက်သမ်းအသင်းနှင့် ဒဂုံ အက်ဖ်စီအသင်း၊ မြဝတီအသင်းနှင့် GFA အသင်း၊ ဖုန်ဂန်အသင်းနှင့် Horizon အသင်း ၊မောရဝတီအသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required