ရန်ကုန်ဆေးရုံကြီးသန့်ရှင်းရေးအတွက် လူအင်အား ၁၅၀ဖြင့် လုပ်အားပေးဆောင်ရွက်

ရန်ကုန်ဆေးရုံကြီးသန့်ရှင်းရေးအတွက် လူအင်အား ၁၅၀ဖြင့် လုပ်အားပေးဆောင်ရွက်

ရန်ကုန်၊ မတ် ၂၇ ။           ။ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင်ရှိသည့် ရန်ကုန်ဆေးရုံကြီးကို မတ်လ ၂၇ရက်နေ့နံနက်ပိုင်းက လူအင်အား ၁၅၀ ဖြင့် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအချိန်အထိ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

"ဒီလူနာဆိုတဲ့နေရာမှာ သန့်ရှင်းဖို့က သူတို့အတွက် အရေးပါတယ်လို့ ယူဆလိုက်တယ်ပေါ့နော်။ ကျန်တဲ့ကိစ္စတော့ ကျွန်မက မသိဘူးပေါ့ ။ ဒီလူနာတွေအတွက်က သန့်ရှင်းမှုများစွာနဲ့   ပြည့်စုံစွာထားနိုင်လေ။  သူတို့ရဲ့ကျန်းမာရေးအတွက်ကလည်း ဆေးကုသမှုခံယူတဲ့အခါမှာ နောက်ထပ် စိတ်ပျော်ရွှင်မှုကနေ ပိုပြီး မြန်မြန်ကျန်းမာနိုင်မယ်ထင်လို့ပါရှင့်"ဟု Call 2 Cleanကုမ္ပဏီ၏ စီမံခန့်ခွဲရေးမန်နေဂျာ ဒေါ်မေရီက ပြောသည်။

ရန်ကုန်ဆေးရုံကြီးရှိ လျှောက်လမ်းများကို တံမြက်စီးလှည်း၊ ဆေးကြောသန့်စင်ခြင်း၊ ဆေးရုံရှိအိမ်သာများကို တိုက်ချွတ်ပေးခြင်း၊ မျက်နှာကျက်များကို သန့်ရှင်းခြင်းစသည်တို့ကို Call 2 Clean ကုမ္ပဏီအဖွဲ့ဝင်များက  ဆောင်ရွက်ခဲ့ကြသည်။

"ကိုယ်တတ်တဲ့ပညာလေးတွေကို ဆေးရုံကတက်တဲ့လူနာလေးတွေကို အမှန်မှန်ဆို သန့်ရှင်းရေးက ပို အရေးကြီးတယ်လေ ။ ဆိုတော့ဒီလူနာလေးတွေကိုကုသိုလ်သွားလုပ်ရအောင် သူတို့အိမ်သာလေးတွေ ဘာတွေ သွားတဲ့အခါကျရင် စိတ်ထဲမှာပျော်ရွှင်မှုရစေချင်တဲ့ဆန္ဒတစ်ခုနဲ့ ဒီပရောဂျက်လေးကို လုပ်ဖြစ်တာ ဖြစ်ပါတယ်ရှင့်"ဟု ဒေါ်မေရီက ပြောသည်။

တစ်နေ့လျှင် ပျမ်းမျှလူ ၆ ထောင်မှ ၈ ထောင်ခန့်အထိ ဝင်ထွက်သွားလာလျက်ရှိသည့် ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့်များ အဝတ်လှမ်းခြင်း၊ အမှိုက်ပစ်ခြင်းများအတွက် ဖောက်ဖျက်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သတိပေးစာများလည်း ကပ်ထားသည်။

ရန်ကုန်ဆေးရုံကြီးအတွင်း အမှိုက်သရိုက်များကောက်ယူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးကို ကြက်ခြေနီအဖွဲ့များ၊ မြို့တော်စည်ပင်နှင့် အရပ်ဖက်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၄ရက်နေ့၌ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီးကို အင်္ဂလိပ်အစိုးရခေတ် ၁၈၉၉ ခုနှစ်တွင် ကုတင် ၃၄၂ ဆံ့ ဆေးရုံတစ်ခုအဖြစ် တည်ထောင် ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ၅၄၆ ကုတင်ဆံ့ဆေးရုံအဖြစ် ပြန်လည်ပြုပြင်ခဲ့ကာ ကုတင် ၂၀၀၀ဆံ့ဆေးရုံကြီး အဖြစ် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required