အပြာမင်းသမီးနှင့် ငြိစွန်းခဲ့သည်ဆိုသော စွပ်စွဲချက်များကို ထရမ့်ပြင်းပြင်းထန်ထန်ငြင်းဆန်

အပြာမင်းသမီးနှင့် ငြိစွန်းခဲ့သည်ဆိုသော စွပ်စွဲချက်များကို ထရမ့်ပြင်းပြင်းထန်ထန်ငြင်းဆန်

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၇ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အပြာမင်းသမီးတစ်ဦးနှင့် ငြိစွန်းခဲ့သည်ဆိုသောစွပ်စွဲချက်များနှင့် သူမအား ရေငုံနှုတ်ပိတ်နေရန်ခြိမ်းခြောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ ကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“သမ္မတကြီးဟာ အဓိကအကြောင်းရင်းကွယ်ပျောက်နေတဲ့ စတောန်မီဒါနီရယ်လ်ရဲ့ စွပ်စွဲချက်တွေအားလုံးကို ပြင်းပြင်းထန်ထန်၊ ရှင်းရှင်းလင်းလင်းနဲ့ အခိုင်အမာငြင်းဆန်ခဲ့ပါတယ်” ဟု အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ရက်ဂျ်ရှာဟာက သတင်းထောက်များကို ပြောခဲ့သည်။

အိမ်ဖြူတော်က စတောန်မီဒါနီရယ်လ်အနေဖြင့် သူမ၏ပြောဆိုချက်များကို သက်သေပြရန်နှင့် အများလက်ခံ ယုံကြည်လာအောင် သူမအနေဖြင့်ပြောဆိုနိုင်ခြင်းရှိမရှိကို ထုတ်ဖော်ပြသဖို့ကိုလည်း စိန်ခေါ်ခဲ့သည်။

“အခုထွက်ပေါ်လာတဲ့စွပ်စွဲချက်တွေ၊ ပြောဆိုချက်တွေအားလုံးကို ရှေ့နောက်မညီဖြစ်အောင် ပြောဆိုနေတာက တော့ ဒီဖြစ်ရပ်ကြီးကို အရင်ဦးဆုံးဖွင့်ထုတ်ခဲ့တဲ့ သူမကိုယ်တိုင်ပဲဖြစ်ပါတယ်” ဟု ရက်ဂျ်ရှာဟာက ဆက်လက် ပြောဆိုခဲ့သည်။

ထရမ့်သည် ယင်းစွပ်စွဲချက်နှင့်ပက်သက်၍ မည်သည့်အခါကမှ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့သလို ယင်းကိစ္စနှင့်ပက်သက်၍ သတင်းထောက်များ၏မေးမြန်းချက်ကိုလည်း ဖြေဆိုရန်ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့သူ ဖြစ်သည်။

တနင်္လာနေ့မနက်ပိုင်းကမူ ထရမ့်သည် သူ၏တွစ်တာ၌ “သတင်းအတုတွေကတော့ များလိုက်တာဗျာ။ ဒီဖောင်းပွနေတဲ့သတင်းတွေအားလုံးဟာ ဘယ်တုန်းကမှ တိကျသေချာခြင်းမရှိခဲ့ပါဘူး။ ဒီလိုကိစ္စတွေကို ဖယ်ထုတ်လိုက်ရင်တော့ ကျနေ်ာတို့နိုင်ငံကြီးဟာ ကြီးကျယ်ခမ်းနားနေတုန်းပါပဲ” ဟု ရေးသားခဲ့သည်။

စတော်န်မီဒါနီရယ်လ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော ၂၀၀၆ ခုနှစ် ဇူလိုင်လက သူ၏ဇနီးသည် မီလန်နီယာက သားလေးမွေးဖွားခဲ့ပြီးနောက် များမကြာမီတွင် သူမနှင့်အတူ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

သူမသည် ထိုစွပ်စွဲချက်များကို ပြီးခဲ့သောတနင်္ဂနွေနေ့ညက CBS ၏ 60 Minutes အစီအစဉ်၌ ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရက်ဂျ်ရှာဟာက “သမ္မတကြီးဟာ ပြီးခဲ့တဲ့ညက ဒါနီရယ်လ်ပြောဆိုခဲ့တာတွေအားလုံးဟာ တိကျမှန်ကန်ခြင်းရှိတယ်လို့ လုံးဝမယုံကြည်ပါဘူး” ဟု ပြန်လည်ချေပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required