မြန်မာ-နယူးဇီလန် ရန်ပုံငွေပွဲတွင် အထူးတန်း လက်မှတ်ဝယ်သူများ မြန်မာအသင်း အင်္ကျီလက်ဆောင်ရမည်

မြန်မာ-နယူးဇီလန် ရန်ပုံငွေပွဲတွင် အထူးတန်း လက်မှတ်ဝယ်သူများ မြန်မာအသင်း အင်္ကျီလက်ဆောင်ရမည်
ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအားတွေ့ရစဉ်။ ဓာတ်ပုံ- ရွှေဘုတ်

စက်တင်ဘာလ ၇ ရက်တွင် ရေဘေးရန်ပုံငွေ အလှူပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် နယူးဇီလန် လက်ရွေးစင်အသင်းတို့ ခြေစမ်းကစားမည့် ရန်ပုံငွေပွဲတွင် အထူးတန်း လက်မှတ်ဝယ်ယူသူများအား မြန်မာအသင်း အင်္ကျီလက်ဆောင်ပေးခြင်း၊ အထူးတန်း အတွင်း ကားပါကင်တွင် ဖွင့်လှစ်ထားမည့် ပျော်စရာဂိမ်းစ်အစီအစဉ်များကို အနုပညာရှင်များနှင့်အတူ ပျော်ပျော်ပါးပါး ပါဝင်ကစားခွင့်ရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး စီမံ ဦးစိုးမိုးကျော်က ပြောသည်။

ထို့ပြင် အဆိုပါခြေစမ်းပွဲ မတိုင်ခင်၌ လက်ရွေးစင်ဟောင်းများနှင့်အတူ နိုင်ငံကျော်သရုပ်ဆောင်မင်းသား၊ အဆိုတော်များနှင့် နှစ်သင်းခွဲပြီး အထူးခြေစမ်းပွဲအဖြစ် ညနေ ၃ နာရီခွဲမှ စကာ မိနစ် ၄၀ ကြာ ကစားကြမည့် အစီအစဉ်တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

“ ဒီရန်ပုံငွေ အလှူပွဲကြီးဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတာ ဖြစ်ပေမယ့် အားလုံးနဲ့သက်ဆိုင်တဲ့ အလှူရန်ပုံငွေ ပွဲကြီးဖြစ်လို့ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားဟောင်းတွေ အနုပညာ ရှင်တွေ အားလုံးကလည်း မေတ္တာနဲ့ ပါဝင်ကူညီ ပံ့ပိုးပေးတဲ့ ပွဲကြီးဖြစ်ပါတယ်။ 

ဒီပွဲကြီး ကရမယ့် ကွင်းဝင်ကြေးအားလုံးနဲ့ အလှူငွေအားလုံးကိုလည်း ရေဘေးသင့်ပြည်သူတွေရဲ့ ပြန်လည် တည်ထောင်ရေး လုပ်ငန်းတွေမှာ ပြန်လည်လှူဒါန်းသွားမှာဖြစ်လို့ လာရောက်ကြည့်ရှု အားပေး မယ့်ပရိသတ်တွေအတွက်လည်း ဘောလုံးပွဲကောင်းလည်းကြည့်ရ ပျော်ရွှင်စရာလည်းဖြစ် ကုသိုလ်ပါ ရမယ့် ပွဲကြီးဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အစီအစဉ်တွေကို အားလုံးကြိုတင် သိရှိနိုင်ဖို့ စက်တင်ဘာ ၁ ရက်နေ့ မွန်း ၁ နာရီ အဖွဲ့ချုပ်ရုံးမှာ အထူး သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး အသိပေး တင်ပြသွားမှာပါ ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာ-နယူးဇီလန် ခြေစမ်းပွဲကို ရန်ကုန်မြို့၊ သဝဏ္ဏကွင်းတွင် စက်တင်ဘာ ၇ ရက် ညနေ ၆း၀၀ နာရီအချိန်၌ ကစားမည်ဖြစ်ပြီး အထူးတန်းလက်မှတ် ၅,၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် ၁,၀၀၀ ကျပ် သတ်မှတ်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းကို လက်ရှိတွင် ယူ-၂၀ ကမ္ဘာ့ဖလားမှ ကစားသမားများ၊ ၂၀၁၅ ဆီးဂိမ်း ငွေတံဆိပ်ဆုရ ယူ-၂၃ အသင်းမှ ကစားသမားများ၊ နည်းပြများဖြင့် အသစ်ပြန်လည် ဖွဲ့စည်း ထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအနေဖြင့် သြဂုတ်လ ၂၈ ရက်တွင် ယူအေအီးနိုင်ငံ၌ ယူအေအီး လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်လည်း စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required