Mizzima TV အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းတွင် ဘီဘီစီမြန်မာရုပ်သံသတင်းအစီအစဉ် ဖမ်းယူကြည့်ရှုနိုင်

Mizzima TV အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းတွင် ဘီဘီစီမြန်မာရုပ်သံသတင်းအစီအစဉ် ဖမ်းယူကြည့်ရှုနိုင်

အသစ်ထုတ်လွှင့် တင်ဆက်လိုက်သည့် Mizzima TV  အခမဲ့ဒစ်ဂျစ်တယ် ရုပ်သံလိုင်းတွင် ဘီဘီစီမြန်မာ ရုပ်သံသတင်းအစီအစဉ်ကို ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်သည်။

ဘီဘီစီမှ မြန်မာဘာသာဖြင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သည့် ၁၅ မိနစ်စာ သတင်းအစီအစဉ်ကို ည ၈ နာရီ ၄၅ မိနစ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့် တင်ဆက်သွားမည် ဖြစ်သည်။

Mizzima TV ရုပ်သံမှတဆင့် ဘီဘီစီမှ တင်ဆက်သည့် နိုင်ငံတကာ နှင့်ဒေသတွင်းဖြစ်ပျက်နေသည့် နေ့စဉ်အရေးကြီးသတင်းများကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး လန်ဒန်မြို့မှ နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ပေးမည့်အစီအစဉ်တွင် မြန်မာပရိသတ်များ စိတ်ဝင်စားနိုင်မည့် ယူကေမှ ဖြစ်ရပ်များ၊ ရုပ်သံဆောင်းပါးများလည်း ပါဝင်မည် ဖြစ်သည်။

ဘီဘီစီမြန်မာဌာနမှူး ဦးမင်းထက်က “ဒါဟာ ဘီဘီစီသတင်းတွေကိုမြန်မာပြည်မှ ရုပ်သံကြည့်ရှုသူများဆီကို အရောက်ပို့ပေးနိုင်တဲ့ အခွင့်အရေးကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတင်ပြချက်တွေကို နိုင်ငံတွင်းမှာ တောင်းဆိုမှုတွေ အမြဲတမ်း ရရှိနေခဲ့ပါတယ်။ အထူးသဖြင့် ဘက်လိုက်တဲ့သတင်းတွေ ဒါမှမဟုတ် သတင်းအတုတွေ လူမှုကွန်ယက်မီဒီယာတွေမှာ ပျံ့နံှ့နေတဲ့ အခုလိုအချိန်တွေမှာ ပရိသတ်အနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေ ရရှိဖို့အရေးကြီးပါတယ်။ မဇ္ဈိမ နဲ့ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာတဝန်းနဲ့ ဒေသတွင်းမှာ ဖြစ်ပေါ်နေတာတွေကို အချိန်နဲ့ တပြေးညီ သိချင်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေမှာပါ။” ဟု ဆိုပသည်။

Mizzima TV ရုပ်သံလိုင်းကို အခမဲ့ရုပ်သံလိုင်းအဖြစ် မတ်လ ၂၄ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး  ဘီဘီစီ၏ သတင်းအစီအစဉ်လည်း ပါဝင်လာခြင်းဖြစ်သည်။

မဇ္ဈိမ၏ အယ်ဒီတာချုပ်နှင့်ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “မဇ္ဈိမ ရုပ်သံလိုင်းပေါ်မှာ ဘီဘီစီသတင်းကို ထုတ်လွှင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ရပါတယ်။ ဘီဘီစီရဲ့သတင်း နဲ့ သတင်းတင်ဆက်မှုပညာ အပေါ် ထားရှိတဲ့ အမြင့်ဆုံးစံနှုန်းတွေကိုကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဘီဘီစီသတင်းများကို ကျွန်တော်တို့ ထုတ်လွှင့်ပေးတာကို မြန်မာလူထုက ကြိုဆိုလိမ့်မယ်လို့ယုံကြည်ပါတယ်” ဟု ဆိုသည်။

 

ဘီဘီစီသတင်းများကို BBC World Service၊ BBC World News ရုပ်သံချန်နယ်နှင့် bbc.com/news အွန်လိုင်း သတင်းစာမျက်နှာတို့မှ အပတ်စဉ်ရယူကြည့်ရှုသူ ပရိသတ်ကမ္ဘာတဝန်းတွင် ၃၄၆ သန်းရှိပါသည်။

ဘီဘီစီကမ္ဘာတလွှားအစီအစဉ်က ရေဒီယို၊ ရုပ်သံ နှင့် ဒစ်ဂျစ်တယ်ချန်နယ်များမှ ထုတ်လွှင့် တင်ဆက်ပေးနေသော သတင်းများကို အပတ်စဉ် ရယူကြည့်ရှုသူ ပရိသတ်၂၆၉ သန်းရှိသည်။ ဘီဘီစီကမ္ဘာတလွှားအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဘီဘီစီအင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ်ကလည်း ကမ္ဘာတဝန်းရှိ ပရိသတ်များကိုအင်္ဂလိပ်စာ သင်ခန်းစာများ ပို့ချပေးလျက်ရှိသည်။ ဘီဘီစီကမ္ဘာတလွှားအစီအစဉ်တွင် ဘာသာစကားပေါင်း ၄၂ ခု တို့က ရေဒီယို၊ ရုပ်သံနှင့် ဒစ်ဂျစ်တယ် လိုင်းများဖြင့် ထုတ်လွှင့်ပေးနေပါသည်။

ဘီဘီစီမြန်မာ ရုပ်သံအစီအစဉ်ကို bbc.com/burmese အင်တာနက်စာမျက်နှာ နှင့်Youtube တွင်လည်း ကြည့်ရှုနိုင်သည်။

မဇ္ဈိမသည် နိုင်ငံတကာသတင်းအဖွဲ့ IPI မှချီးမြှင့်သည့် လွတ်လပ်သော ရှေ့ဆောင်သတင်းမီဒီယာ ဆုကို၂၀၀၇ ခုနစ်တွင် ရရှိခ့ြဲပီး၊ ၂၀၁၂ ခုနစ်မှစတင်ကာ မြန်မာနိုင်ငံတွင်း ပြန်လည်အခြေစိုက်ပြီး သတင်းစာ၊ စီးပွားရေး မဂ္ဂဇင်း နှင့် တီဗီအစီအစဉ်များ ကိုထုတ်လွှင့်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags