Netflix ၏ရုပ်ရှင်များသည် အော်စကာဆုနှင့်မထိုက်တန်ဟု စတီဗင်စပီးဘာ့ဂ်ပြောကြား

Netflix ၏ရုပ်ရှင်များသည် အော်စကာဆုနှင့်မထိုက်တန်ဟု စတီဗင်စပီးဘာ့ဂ်ပြောကြား

Netflix သည် ရုပ်ရှင်များကို စတင်ထုတ်လုပ်ဖြန့်ချီခဲ့သည့်အချိန်မှစပြီး ၎င်းတို့၏ရုပ်ရှင်များကို အော်စကာဆု ပေးပွဲတွင် အခြားရုံတင်ပြသသည့်ရုပ်ရှင်များနှင့်အတူ တစ်တန်းတည်းထား၍ ဆုချီးမြှင့်ရန်သင့်မသင့်ကို လူအများက မေးခွန်းထုတ်ခဲ့ကြသည်။

နာမည်ကျော်ဒါရိုက်တာကြီးစတီဗင်စပီးဘာ့ဂ်ကမူ Netflix ၏ ရုပ်ရှင်များသည် အော်စကာဆုအတွက် အမည် စာရင်းတင်သွင်းခံရဖို့ ထိုက်တန်မှုမရှိကြောင်း ယူဆလျက်ရှိသည်။

သူက “ရုပ်ရှင်တွေကို ရုပ်သံမှတဆင့်ပြသမယ့်ပုံစံနဲ့ ထုတ်လုပ်လိုက်တဲ့အခါမှာ ဒီဇာတ်ကားဟာ တီဗီရုပ်ရှင်ပဲ ဖြစ်လာမှာပါပဲ” ဟု ပြောကြားခဲ့သည်။

စပီးဘာ့ဂ်က “တကယ်လို့ ဒီတီဗီရုပ်ရှင်ဟာကောင်းမွန်တယ်ဆိုရင် သူ့အတွက် Emmy ဆုရှိပါတယ်။ ဒါပေမယ့် အော်စကာဆုတော့မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

နယူးယောက်နှင့် လော့စ်အိန်ဂျယ်လိစ်တို့တွင် တစ်ပတ်ခန့်ရုံတင်ပြသနိုင်ခဲ့သော Netflix ၏ရုပ်ရှင်ဖြစ်သည့် ဒါရိုက်တာဒီရီးစ်ရိုက်ကူးသော Mudbound သည် ဆုများဆွတ်ခူးနိုင်ခဲ့သလို အေဗာဒူဗာနေး၏ 13th သည်လည်း ရုံတင်ပြသနိုင်ခြင်းမရှိသော်လည်း ၂၀၁၆ အကယ်ဒမီဆုပေးပွဲ၌ စကာတင်စာရင်းထဲပါဝင်ခဲ့သည့်အတွက် အော်စကာဆုနှင့် ထိုက်တန်မှုရှိမရှိကို ယခုလိုအငြင်းပွားနေရခြင်းဖြစ်သည်။

Dunkirk ၏ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာနိုလန်ကလည်း Netflix ၏ ရုပ်ရှင်တင်ဆက်ပုံနှင့်ပက်သက်၍ သောက ရောက်နေခဲ့ရပြီး ၎င်းတို့၏ထုတ်လွှင့်မှုအစီအစဉ်သည် ထူးခြားဆန်းကြယ်သော်လည်း ပညာသားမပါကြောင်း ဝေဖန်ခဲ့သည်။ ထို့နောက်တွင် နိုလန်သည် Netflix ၏ တာဝန်ရှိသူ တက်ဒ်ဆာရန်ဒို့စ်အား တောင်းပန်ခဲ့ရသည်။

ထိုသို့အငြင်းပွားမှုများသည် ရပ်တန့်ခဲ့ခြင်းမရှိပဲ ရုပ်ရှင်ပွဲတော်များ၌ Netflix ၏ရုပ်ရှင်များကို ပြသရန်သင့်မသင့် အတွက် မေးခွန်းများရှိနေခဲ့သည်။

၂၀၁၇ ကိန်းရုပ်ရှင်ပွဲတော်တွင် Netflix ၏နာမည်ကြီးရုပ်ရှင်ဖြစ်သော Okja အား အထူးပွဲအဖြစ်ပြသခဲ့သည့် အတွက် ရုပ်ရှင်ပိတ်ကားပေါ်၌ Netflix ၏ လိုဂိုပေါ်ထွက်လာချိန်တွင် ပရိသတ်များ၏ အော်ဟစ်ရှုံ့ချမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

Ref: Variety

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required