အွန်လိုင်းတွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ၏ Group Chat ကိစ္စ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တောင်းပန်

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ၏ Group Chat ကိစ္စ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တောင်းပန်

 

ရန်ကုန်၊ မတ် ၂၆ ။            ။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ၏ Group Chat တွင်ပြောထားသည့် Screenshot များမှာ မှန်ကန်ကြောင်းနှင့် ထိခိုက်သူများရှိလာပါက တောင်းပန်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်သည်။

အွန်လိုင်းတွင် ပြန့်နှံ့နေသည့် အနုပညာရှင်များ၏ Group Chat ပြောဆိုချက်များနှင့်၂၀၁၇ ခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိစ္စတို့နှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၂၆ ရက် နံနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

" အတွင်းစည်းမှာ ပြောနေကြတာက ပါဝင်တဲ့သူတွေအနေနဲ့ Public တင်ပြီးစော်ကားနေခြင်းလည်းမဟုတ်ဘူး။ သူတို့ဘာသာ သူတို့ ပြောနေတာ ။ သို့သော် ဒါကိုချိုးဖောက်ပြီးတော့မှ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီးတော့မှ မည်သူက တင်သွားသလဲဆိုတာ မသိပါဘူး။ ဒါကတော့ သူ့ရဲ့ကျင့်ဝတ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သို့သော် အတွင်းစည်းမှာ ပြောတယ်ဆိုပေမယ့် တချို့သောပြောလိုက်တဲ့ဟာများက အခုအများပြည်သူတွေတွေ့သွားပြီ ။ တွေ့သွားတဲ့အခါမှာ ကာယကံရှင်တစ်ချို့လည်း ထိခိုက်သွားနိုင်ဖွယ် ရှိနေပါပြီ တစ်ဖက်ကလည်း။ အဲ့အတွက်တော့ ဒီကလေးများရဲ့ကိုယ်စား ကျွန်တော်က မိဘဖြစ်နေတဲ့အတွက် သူတို့ အားလုံးရဲ့ကိုယ်စား ထိခိုက်သွားနိုင်သော ပုဂ္ဂိုလ်များအားလုံးကို လေးလေးစားစားတောင်းပန်ပါတယ် " ဟု ဦးဇင်ဝိုင်းက ပြောသည်။

ထို့အပြင် လူမှှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဂရုချက် စကရင်ရှော့ခ် ဖြန့်ဝေသူများကို မသိရှိသလို အရေးယူမည်လည်း မဟုတ်ဘူး ဟု သူက ဆက်ပြောသည်။

အဆိုပါ Group Chat ကို ရုပ်ရှင်လောကသားအချင်းချင်း အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူစေရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရုပ်ရှင်အသိုင်းအဝိုင်းမှ လူအင်အား ၁၅၀ ခန့်ရှိကြောင်းသိရသည်။

အဆိုပါဂရုအတွင်း ပြောဆိုခဲ့သည့်စကားများအတွက် အနုပညာရှင်တစ်ချို့ ဝန်ခံပြီးဖြစ်သော်လည်း ယခုချိန်ထိ ဝန်မခံသူ များမှာ အဆိုပါကာယကံရှင် ကိုယ်၏ ကိုယ့်ကျင့်တရားသာဖြစ်ပြီး   တွေ့ဆုံသွားရန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။

မတ်လ ၂၄ရက်နေ့တွင် အနုပညာရှင် ၁၁ ယောက်ခန့်၏ Group Chat တွင်ပြောဆိုသည့် အတွင်းစကားများ Facebook ပေါ်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၆ ရက်တွင် ရုပ်ရှင်အစည်းအရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly