ဆိုက်ဘေးရီးယားရှိ စျေးဝယ်စင်တာ၌ မီးအကြီးအကျယ်လောင်ကျွမ်း၍ လူ ၃၇ ဦးသေဆုံး

ဆိုက်ဘေးရီးယားရှိ စျေးဝယ်စင်တာ၌ မီးအကြီးအကျယ်လောင်ကျွမ်း၍ လူ ၃၇ ဦးသေဆုံး

 

ဆိုက်ဘေးရီးယား၊ ရုရှား၊ မတ် ၂၆ ။                   ။ ရုရှားနိုင်ငံပိုင်နက် ဆိုက်ဘေးရီးယားနယ်မြေအတွင်းမှ စက်မှုလုပ်ငန်းထွန်းကားရာ ခီမာရိုဗိုမြို့ရှိ ဈေးဝယ် စင်တာတစ်ခုတွင် တနင်္ဂနွေနေ့၌ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၃၇ ဦးခန့် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက တင်ပြခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် လက်ရှိအချိန်အထိ ကလေးငယ် ၄၁ ဦးအပါအဝင် လူပေါင်း ၆၄ ဦးထက်မနည်း ပျောက်ဆုံး နေပြီး မီးလောင်ကျွမ်းသော အဆောက်အဦးမှာလည်း ပြိုကျတော့မည့်အခြေအနေသို့   ရောက်ရှိနေကြောင်း သိရ သည်။

မီးသည် ဈေးဝယ်စင်တာ၏အပေါ်ဆုံးမှ Winter Cherry ရုပ်ရှင်ရုံများရှိသောအထပ်၌ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လူအများအပြားမှာ ရုပ်ရှင်ရုံအတွင်း၌ ပိတ်မိနေခဲ့သည်။ လူမှုမီဒီယာပေါ်၌   ဖော်ပြထားသော ဗီဒီယိုများ ထဲတွင် လူအများအပြားသည် မီးတောက်များကိုရှောင်ရှားရန် ပြတင်းပေါက်များမှ ခုန်ချထွက်ပြေးနေခဲ့သည်ကို တွေ့မြင်ရသည်။

တာဝန်ရှိသူများသည် ကယ်ဆယ်ရေးလုပ်သားအင်အား ၆၆၀ ခန့်ဖြင့် မီးငြိမ်းသတ်ရန်နှင့် ကယ်ဆယ်ရေးလုပ် ငန်းများကို ဆောင်ရွက်နေခဲ့သည်။ ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင် ကျွမ်းမှု၏ အဓိကအကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးသော်လည်း အာဏာပိုင်များက စုံစမ်း စစ်ဆေးနေပြီဖြစ်သည်။

“ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ အဆောက်အဦးအမိုးဟာ ရုပ်ရှင်ရုံ ၂ ရုံအပေါ်ကို ပြုတ်ကျခဲ့တယ်လို့ သိရ ပါတယ်” ဟု ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး “ဒီဈေးဝယ်စင်တာ ကိုဆောက်လုပ်ထားတဲ့ပုံစံဟာ အရမ်းကိုရှုပ်ထွေးပါတယ်။ ပြီးတော့ မီးလောင်လွယ်တဲ့ပစ္စည်းတွေ အများအပြား လည်းရှိနေပါတယ်” ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ပြန်လည်ရရှိခဲ့သော အလောင်း ၃၇ လောင်းမှာ မည်သူမည်ဝါဖြစ်သည်ဆိုတာကို အတိအကျမပြောနိုင်သေး သော်လည်း ထိုအလောင်းများထဲတွင် ကလေး ၉ ဦး၏အလောင်းများပါဝင်ကြောင်း သိရသည်။ ဒါ့အပြင် ပျောက်ဆုံးနေသော ကလေးငယ် ၄၁ဦးကိုလည်း အပူတပြင်းရှာဖွေနေသည်ဟု သိရသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် မီးခိုးလုံးများနှင့် အဆောက်အဦးပြိုကျနိုင်သည့် အန္တရာယ်တို့ ကြောင့် ရုပ်ရှင်ရုံထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ရုရှားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့နိုင်မည့် အခွင့်အရေးမရှိတော့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required