သီချင်းခွေများ ခိုးကူး၍ ရောင်းဝယ်ဖောက်ကားသူက ပေးရမည့် နစ်နာကြေး မပေးသေး၍ ဖြေရှင်းပေးစေလိုကြောင်း ဂီတ အစည်းအရုံးပြော

သီချင်းခွေများ ခိုးကူး၍ ရောင်းဝယ်ဖောက်ကားသူက ပေးရမည့် နစ်နာကြေး မပေးသေး၍ ဖြေရှင်းပေးစေလိုကြောင်း ဂီတ အစည်းအရုံးပြော

တေးသီချင်းခွေများ ခိုးကူး၍ ရောင်းဝယ်ဖောက်ကားသည့်အတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်  ဇူလိုင် ၃၀ ရက်တွင် မန္တလေးခရိုင် တရားရုံးက နစ်နာကြေးငွေ ကျပ်သိန်း ၉၃၀ ပေးရန် အမိန့်ချထား သော်လည်း ယနေ့အချိန်ထိ ပေးလျော်ခြင်း မရှိသေး၍ ဖြေရှင်းပေးစေလိုကြောင်း မြန်မာနိုင်ငံ ဂီတအ စည်းအရုံး(ဗဟို) အတွင်းရေးမှူး၊ မူပိုင်ခွင့်ချိုးဖောက်မှု ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင် အဆိုတော် သားစိုး ကမဇ္ဈိမ ကိုပြောသည်။

၎င်းက “ဥပဒေကို မထီမဲ့မြင် လုပ်လွန်းအားကြီးနေတယ်။ အခုချိန်ထိ ဘာမှ လာတွေ့တာမရှိ ဘူး။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေအနေနဲ့ကလည်း ဒီကိစ္စကို ဆောင်ရွက်ပေးတာ အားနည်းတယ်။ ကျွန်တော်တို့ ဂီတလောကမှာ အခုလို နိုင်တာ ပထမဆုံးပဲ။ ဒါကြောင့် ဒီကိစ္စကို အားလုံး ဖြေရှင်း ပေးစေချင်တယ်” ဟု ပြောသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ “ထွန်းနိုင် Mobile Phone နှင့် DVD အခွေအရောင်းဆိုင်ကို ဝင်ရောက်ရှာဖွေရာ တရားမဝင်ခိုးကူခွေ (မြန်မာသီချင်းအချပ်ရေ) ၃,၀၀၀ ရှာဖွေတွေ့ရှိခဲ့သောကြောင့် အဆိုပါ ဆိုင်ပိုင်ရှင် ကိုထွန်းနိုင်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် လျော်ကြေးပေးရန် အမိန့်ချလိုက်သော်လည်း ယနေ့အချိန်ထိ မပေးသောကြောင့် မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ D&G Food Centre တွင် သြဂုတ်  ၂၇ ရက် နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။  

လျော်ကြေးငွေ ပေးလျှော်ခြင်းမရှိသောကြောင့် မန္တလေးခရိုင် တရားရုံးမှ ၂၀၁၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် ဖမ်းဝရမ်းထုတ်ထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးသောကြောင့် အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံမှုများ ပြုလုပ်နေသည်ဟုလည်း ကိုသားစိုး က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးကလည်း “အမြန်ဆုံး ဖော်ထုတ်ပေးဖို့ နယ်မြေ အပိုင် စခန်းတွေကို အကြောင်းကြားထားတယ်” ဟုပြောသည်။

ကိုထွန်းနိုင်၏ မိသားစုဝင်တစ်ဦးကမူ “အစ်ကိုတို့နဲ့ မဆိုင်ဘူး။ အစ်ကိုတို့နဲ့ မပတ်သက်တာ ကြာပြီ။ ဘာမှကို မသိဘူး” ဟုပြောသည်။

မြန်မာနိုင်ငံ ဂီတလောက တိုးတက်ဖွံ့ဖြိုးလာစေရန် ခိုးကူးခွေးများကို ဖမ်းဆီးနေသော်လည်း ထိရောက်မှု မရှိသေးကြောင်းလည်း အဆိုတော် တူးတူး က ဆိုသည်။

၎င်းက “ ခိုးကူးကြောင့် ဂီတလောက က အထိနာနေတယ်။ ဘယ်သူမှ ခွေမထုတ်ရဲတော့သလို ထုတ်ဝေသူဆိုတာလည်း မရှိတော့ဘူး။ လက်ရှိ လုပ်နေကြတယ်ဆိုတာ ကိုယ့်ငွေနဲ့ကိုယ် လုပ်နေရ တယ်။ ခိုးကူးကို ထိထိရောက်ရောက် တားဆီးနိုင်မှပဲ ဂီတလောက တိုးတက်ဖို့ဆိုတာ ဖြစ်လာမယ်” ဟု ဆိုသည်။

မန္တလေးမြို့သည် ခိုးကူးခွေ အများဆုံးပြုလုပ်သည့်  မြို့ဖြစ်နေခြင်းကြောင့် ခိုးကူးခွေများ ဖမ်းဆီးရမိနိုင်ရန်နှင့် တားဆီးနိုင်ရန် မန္တလေးမြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဟု လည်း ကိုသားစိုးက ဆိုသည်။

“မန္တလေးမှာ ရုံးခွဲဖွင့်ပြီး ဆောင်ရွက်ဖို့ စီစဉ်နေတယ်။ ပြီးရင် ပြည်ကို ဖွင့်မယ်။ စီစဉ်နေတာ တော့ကြာနေပြီ” ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required