စာရေးဆရာမ ထိုက်၏ ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစများ စာအုပ် မိတ်ဆက်

စာရေးဆရာမ ထိုက်၏ ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစများ စာအုပ် မိတ်ဆက်

ရန်ကုန် မတ် ၂၄ ။           ။ ဝါရင့်သတင်းဆရာကြီး မောင်ဝံသ၏ မိသားစုဘဝ အကြောင်း ရေးသားထားသည့် 'ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစ များ' ဆိုသည့်စာအုပ်ကို ယနေ့မိတ်ဆက်ခဲ့သည်။

ယင်းစာအုပ်ကို ဆရာကြီး မောင်ဝံသ၏သမီးဖြစ်သူ စာရေးဆရာမ ထိုက်က ရေးသားထားပြီး ယနေ့ မတ်လ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ် တွင် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

"ပေးချင်တဲ့ မတ်ဆေ့ကတော့ နိုင်ငံရေးအကျဉ်းသား တစ်ဦးရဲ့ မိသားစုတွေ ဖေဖေ ထောင်ထဲရောက်နေချိန်မှာ အစ်မတို့မိသားစုဘယ်လို ဒုက္ခတွေရင်ဆိုင်ဖြတ်သန်း ရသလဲ၊ ဘယ်လောက်ခက်ခဲကြမ်းတမ်းသလဲ၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့မိသားစုဝင်တွေကို စာနာနားလည် ဖို့ ဒီစာအုပ်ကို ရေးတာ" ဟု စာရေးဆရာ ထိုက်က မဇ္ဈိမ သို့ ပြောသည်။

ဝါရင့်သတင်းဆရာကြီး မောင်ဝံသ ၃ ကြိမ်တိုင်တိုင်ဖမ်း ဆီးထိန်းသိမ်းခံရပြီး ဆယ်စုနှစ်ကြာ ထောင်တွင်း နေ ထိုင်ခဲ့ရပုံ ဘဝအပိုင်းအစများနှင့် ပြင်ပတွင်ကျန်ရစ်ခဲ့သည့်မိသားစု၏ဘဝရပ်တည်ရေးအတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားခဲ့ရပုံများကို အသေးစိတ်ပုံဖော်ထား သည်။

"တံခါးခေါက်သံတွေ ကြောက်ခဲ့ရတဲ့ကာလတွေ ရှိတယ်၊ သူတို့က လာခေါ်ချင်တဲ့အချိန် ဖေဖေ့ကို ခေါ်သွားတာ၊ စာအုပ်မျက်နှာဖုံးက ဓါတ်ပုံက ဖေဖေနဲ့တွေ့ခွင့်ရတုန်းက ဓါတ်ပုံ၊ အစ်မတို့ မငိုမိအောင် ထိန်းထားရတာ၊ အဲဒီ အချိန်တုန်းက၊ သူတို့ ဝမ်းသာမှာစိုးလို့" ဟု စာရေးဆရာ ထိုက်က ပြောသည်။

အဆိုပါစာအုပ်ကို ၄ နှစ်ကြာအချိန်ယူရေးသားခဲ့ရပြီး အခန်း ၄၅ ခန်းပါဝင်ကြောင်း သိရသည်။ထို့ပြင် စာအုပ် တွင် ၈၈ မျိုးဆက် ဦးမင်းကိုနိုင်ကလည်း အမှာစာရေးသား ထားကြောင်း သိရသည်။

စာရေးဆရာမ ထိုက်သည် နိုင်ငံရေးဆောင်းပါးစာစု စာအုပ် ၄ အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ယခု ၅ အုပ်မြောက်စာအုပ်ဖြစ်သည့် ပြန်မြင်မိတဲ့ ပုံရိပ် အပိုင်းအစများစာစုသည် အတွေးအမြင်စာစဉ်တွင် ဖော်ပြခဲ့ပြီး ယခုအခါ ဒေါင်းစာပေတိုက်က စာအုပ်အဖြစ် စုစည်းပုံနှိပ်ကာ ဖြန့်ချိသွားမည်ဖြစ်သည်။

ယနေ့ စာအုပ်မိတ်ဆက်ပွဲကို ဝါရင့်သတင်းစာဆရာကြီး မောင်မိုးသူ အပါအဝင် စာရေးဆရာများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required