ပြင်သစ် စူပါမားကတ် ပစ်ခတ်မှုဖြစ်စဉ်၌ သူရဲကောင်းဖြစ်ခဲ့သည့် ရဲအရာရှိ ကွယ်လွန်

ပြင်သစ် စူပါမားကတ် ပစ်ခတ်မှုဖြစ်စဉ်၌ သူရဲကောင်းဖြစ်ခဲ့သည့် ရဲအရာရှိ ကွယ်လွန်

မတ် ၂၄ ။            ။ ပြင်သစ်နိုင်ငံတောင်ပိုင်း စူပါမားကတ်တစ်ခု အစွန်းရောက်တိုက်ခိုက်ခံရမှုဖြစ်စဉ်၌ မိမိကိုယ်ကိုယ် ဓားစာခံတစ်ဦးနှင့် အလဲအလှယ်လုပ်ရန် ကမ်းလှမ်းပေးခဲ့သည့် ရဲအရာရှိမှာ ယခုအခါ ရရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

မတ်လ ၂၃ ရက်က နိုင်ငံတောင်ပိုင်း ထရီဘတ်စ်မြို့ရှိ စူပါမားကတ်တစ်ခု၌ ဆိုင်ဝန်ထမ်းများနှင့် ဈေးဝယ်သူများရှိနေစဉ် သေနတ်သမားတစ်ဦးက ဝင်ရောက်ပြီး ဓားစာခံဖမ်းဆီးထိန်းသိမ်းကာ ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ စူပါမားကတ်ထဲ သေနတ်သမားရောက်လာပြီး ဓားစာခံထိန်းသိမ်းမှုဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာပင် အခင်းဖြစ်နေရာသို့ ပထမဆုံးရောက်လာသည့် ရဲတပ်ဖွဲ့ဝင်များအနက် အသက် ၄၅ နှစ်အရွယ် ရဲအရာရှိ အာနွန် ဘယ်လ်ထရိမ်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ဘယ်လ်ထရိမ်းမှာ ဓားစာခံထိန်းသိမ်းခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် ၎င်းကိုယ်ကိုယ် အလဲအလှယ်လုပ်ရန် ကမ်းလှမ်းခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ပစ်ခတ်ခံရပြီး ဒဏ်ရာများ ဆိုးဆိုးရွားရွား ရသွားခဲ့သည်။ ယင်းနောက်မှာပင် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်တို့က ဝင်စီးပြီး အသက် ၂၅ နှစ်ရှိ ရက်ဒ်ဒေါအိန် လက်ခ်ဒင် ဆိုသူ သေနတ်သမားကို သုတ်သင်ရှင်းလင်းလိုက်နိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်၌ သေနတ်ဒဏ်ရာများရရှိသွားသည့် ရဲအရာရှိ ဘယ်လ်ထရိမ်းမှာ ယနေ့ မတ်လ ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဘယ်လ်ထရိမ်း၏ လုပ်ရပ်အတွက် ၎င်းအား သူရဲကောင်းတစ်ဦးအဖြစ် နိုင်ငံတွင် ချီးကျူးသတ်မှတ်နေလျက်ရှိသည်။

" ရဲအရာရှိ ဘယ်လ်ထရိမ်း ဒီနေ့ပဲ ကွယ်လွန်သွားခဲ့ပါပြီ၊ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့တာပါ၊ သူ့ရဲ့ သူရဲကောင်းဆန်မှုကိုတော့ ပြင်သစ်တစ်နိုင်ငံလုံးအနေနဲ့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့ပါဘူး" ဆိုပြီး ပြည်ထဲရေးဝန်ကြီး ဂျရာ့ဒ် ကိုလွန်းဘ်က ပြောသွားခဲ့သည်။

သုတ်သင်ရှင်းလင်းခံလိုက်ရသည့် သေနတ်သမား လက်ခ်ဒင်မှာ အိုင်အက်စ်အပေါ် သစ္စာခံသူတစ်ဦးဖြစ်သည်။ ယင်းအပြင် ယခုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required