လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး၏ နောက်ဆုံးအယူခံ အမိန့်ချတော့မည်

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး၏ နောက်ဆုံးအယူခံ အမိန့်ချတော့မည်

မတ်လ ၂၄ ။              ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ခိုတောင်) လူသတ်မှုဖြင့် သေဒဏ် ချခံနေရသော မြန်မာလုပ်သား ၂ ဦး၏ အယူခံ အပေါ် ခုခံချေပချက်ကို ထိုင်းအစိုးရ ရှေ့နေများက မတ်လ ၂၃ ရက်က ထိုင်းအဆင့်မြင့် ဗဟိုတရား ရုံးက လက်ခံလိုက်သဖြင့် မကြာမီ အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာပါ အယူခံ တင်သွင်းမှုအပေါ် ထိုင်းအစိုးရ ရှေ့နေများက ပြန်လည် ချေပရန် အချိန် ၆ လကြာမှ ချေပချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“အန်ကယ်တို့ တင်ထားတဲ့ အယူခံနဲ့ ပတ်သက်လိ့ု သူတို့ ထိုင်းအစိုးရရှေ့နေများ ပြန်ခုခံနေပဖို့ ရက်ချိန်း ၆ ချိန်းရှိပါပြီ။ အခုရုံးချိန်းမှာတော့ သူတို့ဘက်က တင်ရမဲ့ တာဝန်ကို တင်သွားပါတယ်။ တရားရုံးက ဒါကို လက်ခံလိုက်ပါတယ်။ ဒါကို သုံးသပ်ပါ့မယ်။ လုပ်ထုံးလုပ်နည်းနဲ့ ညီတယ်ဆိုရင် တရားခံဘက်ကို အမိန့်ချပေးဖို့ ရက်ချိန်းပေးပါလိမ့်မယ်။ အဲဒီရက်မှာ အပြီးသတ် အမိန့်ချပေးလိမ့်မယ်။ ပျမ်းမျှ အချိန်က တစ်လ ထက်မပိုဘူးထင်တယ်” ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဝင်ဇာ်ထွန်းနှင့် ကိုဇော်လင်းတို့ အပြစ်မရှိကြောင်း သူတို့၏ ရှေ့နေများက အယူခံတွင် ထောက်ပြ ထားပြီး ဖြစ်၍ သေဒဏ်မှ လွတ်မြောက်ခြင်း သို့မဟုတ် ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းစသည့် အမိန့်များ ချလိမ့်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

“သူတို့ ချေပချက်ကတော့ မတင်မဖြစ် တင်ရမဲ့ အနေအထားပါ။ အန်ကယ်တို့က ကလေးတွေ အပြစ်မရှိဘူးဆိုတဲ့အကြောင်း အယူခံမှာ စာမျက်နှာ ၃၁၉ မျက်နှာတင်ခဲ့တာပါ။ ဒါကြောင့် အန်ကယ်တို့ အားသာချက်တွေ အပြည့်အဝပါဘဲ။ ဒီနေရာမှာ ယုံကြည်တာက ဒီကလေးတွေက လွတ်မယ်။ ဒါမှ မဟုတ် လျော့ပေါ့တဲ့ ပြစ်ဒဏ်ကို ရောက်သွားမယ်လို့ လုံးဝ ယုံကြည်ပါတယ်”ဟု သူက ပြောသည်။

အကယ်၍ သူတို့ နှစ်ဦးအား သေဒဏ် ချမှတ်လိုက်ပါက မြန်မာအစိုးရ၊ မြန်သံရုံး၊ ထိုင်းရှေ့နေများ ကောင်စီများအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ သေဒဏ် အသနားခံရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု သူက ပြောသည်။

သူတို့ နှစ်ဦးအား သေဒဏ် ချမှတ်မှုအပေါ် မြန်မာသံရုံး၊ မြန်မာရှေ့နေချုပ်များနှင့် ထိုင်းရှေ့နေများ ကောင်စီတို့ ပူးပေါင်း၍ နောက်ဆုံး အယူခံကို ၂၀၁၇ ခုနှစ် သြဂုတ်လက ကော့စမွေတရားရုံးမှတဆင့် ထိုင်းအဆင့်မြင့် ဗဟိုတရားရုံးသို့ တင်သွင်းခဲ့ရာ ထိုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အယူခံအပေါ် ပြန်လည် ချေပရန် အမိန့်ချမှတ်ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ် ဟန်နာဝစ်သာရစ်ချ်တို့ အသတ်ခံရမှုဖြင့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ကို တရားစွဲကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required