စရိတ်စက ကြီးမြင့်လာသော်လည်း သထုံအုတ်စျေး ပုံမှန်သာရှိနေ

စရိတ်စက ကြီးမြင့်လာသော်လည်း သထုံအုတ်စျေး ပုံမှန်သာရှိနေ

သထုံ၊ မတ်၊ ၂၄ ။           ။ အုတ်ဖုတ်လုပ်ငန်းတွင် ယခင်နှစ်ထက် စရိတ် စကပိုမို ကြီးမြင့်လာသော်လည်း မွန်ပြည်နယ် သထုံမြို့နယ် အတွင်း၌ ယခုနှစ် အုတ်ဈေးနှုန်းမှာ ယမန်နှစ်နည်းတူ ပုံမှန်သာရှိကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

"မနှစ်ကဆို ထင်းလံပုံတစ်ပုံကို ဖိုအရောက် ၃၅၀၀၀ နဲ့ ရတယ်။ ဒီနှစ်တော့ ၄၀၀၀၀ နဲ့တောင် ဖိုမရောက်တော့ ဘူး။ ကိုယ်က သွားတင်ယူရတာ။ ဖိုအရောက်ဆိုရင် ၅၀၀၀၀" ဟု နောင်ဘိုဘူတာပိုင်းနေ အုတ်လုပ်ငန်းရှင် ဦးကျော်ဝင်းက ပြောသည်။

အုတ်ဖုတ်လုပ်သားများကို ဒေသတွင်းမှာ မရရှိသဖြင့် ဧရာဝတီတိုင်းမှ ခေါ်ယူရပြီး လုပ်အားခမှာလည်း ယမန်နှစ်ကထက် ဈေးပိုပေးရသည်ဟု သိရသည်။

"အလုပ်သမားတွေက ဧရာဝတီတိုင်းဘက်ကပါ။ မနှစ်ကတော့ အုတ်ဖြတ် (ကာတာခုံ) တစ်ယောက်ကို တစ်နေ့ ၅၀၀၀။ ဒီနှစ်တော့ ၆၀၀၀ ပေးရတယ်။ မနှစ်က လှည်းတွန်းတစ်ယောက်ကို တစ်နေ့ ၄၀၀၀ ။ ဒီနှစ်ကြတော့ ၅၅၀၀ ။ ပေါက်,ပင့် (အုတ်ဖုတ်မြေ)ဆိုလည်း ၃၅၀၀ ကနေ ဒီနှစ် ၄၅၀၀ ဆိုတော့ အလုပ်သမားခလည်း ဒီနှစ်မှာ ဈေးတက်လာ တယ်"ဟု ၎င်း ဦးကျော်ဝင်းက ထပ်ပြောသည်။

ထင်းဖိုး၊ ဆီဖိုး အလုပ်သမားခမှအစ အစစအရာရာ စရိတ်စကများက မြင့်တက်လာသော်လည်း ယခုနှစ် အုတ်ဈေးမှာမူ ယခင်နှစ်နည်းတူ ၅၅ ကျပ်မှ ၅၇ ကျပ်ဈေးဖြင့့်ပုံမှန်သာရှိနေသည့်အတွက် အုတ်ချပ်ရေ ပိုမို ထုတ်လုပ်နိုင်မှသာ အကျိုးအမြတ် ရှိမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အုတ်များကို သထုံ၊ ပေါ်တော်မူ၊ နောင်ကုလား၊ ဇရစ်ချောင် ၊ ကတိုက်မရမ်းကုန်း အောက်ကွင်းနှင့် ဘီးလင်း၊ ကျိုက်ထိုတို့သို့ ဖြန့်ချိရောင်းချသည့် ဖောက်သည်များက လာရောက် ဝယ်ယူကြပြီး ကိုယ်တိုင်သုံး အတွက် ဒေသခံများကလည်း ဝယ်ယူကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly