ကျပ်သိန်းပေါင်း ၁၄ဝဝဝ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မောင်တောအနီး ပင်လယ်ပြင်တွင် ဖမ်းမိ

ကျပ်သိန်းပေါင်း ၁၄ဝဝဝ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မောင်တောအနီး ပင်လယ်ပြင်တွင် ဖမ်းမိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ မတ်လ ၂၄ ။            ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ် ငါးဖမ်းစက်လှေတစ်စင်းပေါ်မှ အမျိုးသား ၅ ဦးနှင့်အတူ ကျပ်သိန်းပေါင်း ၁၄ဝဝဝ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ မတ်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပင်လယ်ပြင်၌ တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၂၃ ရက်၊ နံနက်ပိုင်း အချိန်တွင်  အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့သွားနေသော မသင်္ကာဖွယ် ငါးဖမ်းစက်လှေ တစ်စင်းအား သွားရောက်စစ်ဆေးရာမှ ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ငါးဖမ်းစက်လှေပေါ်မှ မာမွတ်အီနို၊ မာမွတ်ရိုရှီး၊ မာမွတ်အာမီး၊ ဟော်ဘီနှင့် အာရူလော့ဆိုသူတို့ ၅ ဦးနှင့်အတူ ငါးဖမ်းပိုက်တစ်စုံ၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၄ဝဝဝ ခန့် ရှိ ဆာလာအိတ် ၅ အိတ်အတွင်းမှ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၇ဝဝဝဝဝ ပြား တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် လူ ၅ ဦးနှင့်အတူ စက်လှေ၊ မူးယစ်ဆေးဝါးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်တွေမြို့ရှိ ရေချမ်းပြင်ရဲကင်းစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly