မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီးစီး

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီးစီး

ရန်ကုန်၊ မတ် ၂၃ ။             ။ မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီကို ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)  သတင်းထုတ်ပြန် သည်။

အဆိုပါကော်မတီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ၃ ဦး၊ တပ်မတော်မှ ၁ ဦး၊ နိုင်ငံရေးပါတီမှ ၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနှင့် အစိုးရအဖွဲ့မှတစ်ဦး စုစုပေါင်း ၉ ဦးဖြင့် ဖွဲစည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၉ ဦးမှာ ဒေါ်စံဝင့်ခိုင် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဗိုလ်မှူးကြီးတင်ထွဋ် (တပ်မတော်)၊ ဒေါက်တာ ခင်ဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နိုင်ဝင်းလှ (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း)၊ နိုင်အောင်မငေး (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)၊ ပဒိုစောလှထွန်း (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)၊ ဒေါက်တာ အောင်ထွန်းခိုင် (နိုင်ငံရေးပါတီ)၊ မင်းကျော်ဇေယျာဦး (နိုင်ငံရေးပါတီ)၊ ဦးချမ်းမြင့် (နိုင်ငံရေးပါတီ) တို့ဖြစ်ကြောင်း UPDJC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီးကာမှ ၂၁ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုကျင်းပရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် အပစ်ရပ်လက်မှတ် (NCA) ရေးထိုးခဲ့သည့် မွန်ပြည်သစ် ပါတီ (NMSP) မှ အစိုးရနှင့်တပ်မ တော်ထိပ်ပိုင်းခေါင်းဆောင်များကို  မေတ္တာရပ်ခံထားသည်။

ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးအား ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပကာ ရရှိလာသည့်အချက်အလက်များကို ၂၁ ပင်လုံသို့ တင်ပြရန် NCA စာချုပ်တွင် အတိအလင်းဖော်ပြထားခြင်းလည်းသည်။

လက်ရှိအတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (RCSS/ SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကျန်ရှိနေခြင်းလည်း ဖြစ်သည်။

ယနေ့ ဖွဲ့စည်းလိုက်သောကော်မတီသည် UPDJC မှ အတည်ပြုထာသည့်ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စေရေး၊ စနစ်တကျရှိစေရေး၊လုပ်ငန်း လမ်းညွှန်များနှင့်ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags