အောင်လအန်ဆန်က ဂုဏ်ပြုဆုငွေ သိန်း ၂၀၀ ကို ကချင်စစ်ရှောင်များအတွက် လှူဒါန်း

.

ဓာတ်ပုံ KBC ဖေ့ဘုတ်

ချင်းမိုင်၊ မတ်လ ၂၃ ။           ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မွတ်ကျစ်ကျေးရွာတွင် ကျင်းပနေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ၃၈ ကြိမ်မြောက် လူထု အစည်းအဝေးတွင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

KBC မှ ဂုဏ်ပြုသောအစီအစဉ်တွင် အောင်လအန်ဆန်အား အောင်ပွဲအတွက် ဂုဏ်ပြု ဆုတံဆိတ်နှင့် ကချင်ရိုးရာဓါးနှင့် လွယ်အိတ်တို့ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး အောင်လအင်ဆန်ကလည်း သူရရှိသော ဆုငွေထဲမှ ကျပ် သိန်း ၂၀၀ ကို ကချင်စစ်ဘေးရှောင်များအတွက် KBC သို့ ပေးအပ်လှူဒါန်းခဲ့သည်။

“အောင်လအန်ဆန် ရဲ့ ဂုဏ်ပြုဆုကနေ စစ်ရှောင် IDP တွေကို လှူဒါန်းတာဖြစ်တယ်”ဟု KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က အခမ်းအနားတွင် ပြောခဲ့သည်။

ယခုကဲ့သို့ အောင်မြင်မှု ရရှိခြင်းသည် အားလုံးက ဝိုင်းဝန်း ဆုတောင်းပေးမှုကြောင်း အနိုင်ရရှိခြင်းဖြစ်၍ ကျေးဇူးတင်ကြောင်းနှင့် အောင်မြင်မှု၊ ပျော်ရွှင်မှု ရရှိချိန် ပိုမို၍ ဘုရားသခင်ထံ ဆုတောင်းကြရန် သူက တိုက်တွန်းပြောခဲ့သည်။

ထို့ပြင် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ပိုင်ဆိုင်ထားသူ အောင်လအန်ဆန်နှင့် ထောင်ချီသော ကလေးများနှင့် အတူ တွေ့ဆုံစေခဲ့ပြီး အောင်လအန်ဆန်က ကလေးငယ်များအား အားပေးစကား ပြောခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့က အောင်လအန်ဆန်သည် ဝိုင်းမော်မြို့နယ် မိုင်းနား RC၊ AGနှင့် မြစ်ကြီးနားမြို့ စီတာပူ KBC စသည့် စစ်ရှောင် စခန်း ၃ ခုသို့ သွားရောက်ခဲ့ကာ ဆန်၊ ဆီ၊ ကုလားပဲနှင့် TV များကို ပေးအပ်လှူဒါန်းခဲ့ သေးသည်။

မတ်လ ၂၂ ရက်မှ ၂၅ ရက်ထိ လေးရက်ကြာ ကျင်းပသော KBC ၏ ၃၈ ကြိမ်မြောက် လူထု အစည်းအဝေးပွဲ သည် လေးနှစ်တစ်ကြိမ် ကျင်းပရခြင်း ဖြစ်ပြီး ထိုအစည်းအဝေးတွင် KBC ၏ ခေါင်းဆောင်သစ်များကို ရွေးချယ်ကြမည် ဖြစ်သည်။ ထိုပွဲတွင် မနောအကများ ကခြင်း၊ ညပိုင်းတွင် ကချင်ရိုးရာ အကပဒေသာများ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုကို ပိုင်ဆိုင်သော အောင်လအန်ဆန်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်က ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါးကို အနိုင်ရရှိခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က ကျပ်သိန်း ၂၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ အဆိုပါ ငွေများကို စစ်ဘေးရှောင်များအား လှူဒါန်းမည်ဟု ပြောဆိုခဲ့ပြီး ယနေ့တွင် အလှူငွေ ကျပ်သိန်း ၂၀၀ ကို စစ်ရှောင်များအား လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။

အောင်လအန်ဆန်သည် KBC ၏ ဖိတ်ကြားမှုအရ မြစ်ကြီးနားမြို့သို့ မတ်လ ၁၉ ရက်နေ့က ရောက်ရှိလာပြီး မတ်လ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်ရှိ နေအိမ်တွင်   အောင်လအန်ဆန်အတွက်  အောင်မြင်မှု ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ လာမည့် မတ်လ ၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။