မတ္တရာတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ခဲ့သူအား မသေမချင်း ကြိုးကွင်းစွပ်သတ်စေ အမိန့်ချ

မတ္တရာတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ခဲ့သူအား မသေမချင်း ကြိုးကွင်းစွပ်သတ်စေ အမိန့်ချ

 

ရန်ကုန်၊ မတ်လ ၂၃ ။         ။  မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတို့ဆိပ်ကျေးရွာတွင် အသက် ၂ နှစ်ကျော် အရွယ်ကလေးငယ်ကို ပါးစပ်ထဲ ငှက်ပျောသီးထိုးသွင်း မုဒိမ်းကျင့်သတ်ခဲ့သူအား မသေမချင်းလည်းပင်းကို ကြိုးကွင်းစွပ်သတ်စေဟု ယနေ့ မတ်လ ၂၃ ရက်၊ ပြင်ဦးလွင်ခရိုင်တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

 ကလေးငယ်အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူမှာ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်ဆိုသူဖြစ်ပြီး ၎င်းကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရုံးချိန်း ၅ ချိန်းထိ စစ်ဆေးခဲ့ပြီး ယနေ့ မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ခရိုင် တရားသူကြီးက ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(၁)(ဂ)အရ မသေမချင်း လည်းပင်းအား ကြိုးကွင်းစွပ်သတ် စေဟု အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ မနက်ပဲ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်တာပါ။ စစ်ဆေးချက်အရ ပြစ်မှုထင်ရှားတဲ့အတွက် ခရိုင်တရားသူကြီးက မသေမချင်းလည်းပင်းကို ကြိုးကွင်းသတ်စေ ဆိုတဲ့အမိန့်ကို ချမှတ်ခဲ့တာဖြစ်လို့ သိရပါတယ်”ဟု မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁ဝ နာရီခန့်အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန် ကျေးရွာအုပ်စု၊ မြွေကူးတို့ဆိပ်ကျေးရွာတွင် အသက် ၂၅ နှစ်အရွယ်ရှိ ဖြိုးထက်အောင်ဆိုသူက အသက် ၂ နှစ် ကျော် အရွယ်ကလေးကို မိဘများမရှိခိုက် ငှက်ပျောခြံသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခဲ့ရာတွင် ဖြိုးထက်အောင်ဆိုသူက ကလေးငယ် အော်မည်စိုး၍ ငှက်ပျောသီးမှည့်များ ကလေးပါးစပ်အတွင်း ထိုးသွင်းထားခဲ့ပြီး ထိုသို့ အဓမ္မပြုကျင့်နေသည်ကို   ဒေါ်သီဆိုသူက   တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကို တွေ့ရှိချိန်တွင် ကလေးနှုတ်ခမ်းများမှာ ပြာနေကာ အသက်ရှုရပ်နေပြီး မတ္တရာမြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ကလေးငယ်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly