ပြည်ပ ပညာရေးဆိုင်ရာ သတင်း အချက်အလက်များ သိရှိနိုင်မည့် ၅ ကြိမ်မြောက် အိန္ဒိယ ပညာရေးပြပွဲပြုလုပ်

.

ဓာတ်ပုံ - သူရ

 

ရန်ကုန်   မတ် ၂၃  ။                  ။ အနာဂတ် အသက်မွေးမှုအလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေရန် ရည် ရွယ်ပြီး ၅ ကြိမ်မြောက်အိန္ဒိယပညာရေးပြပွဲကို ယနေ့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့သည်။

ယင်းပြပွဲကို ရန်ကုန်မြို့ အိန္ဒိယသံရုံး၊ အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်းနှင့် 4R Consultancy Yangon တို့က ပံ့ပိုးထောက်ပံ့၍ Sape Events & Media Pvt. Ltd တို့က စီစဉ်ကျင်းပခြင်းဖြစ်သည်။

" ဒီပွဲကို လုပ်ရတဲ့အဓိကရည်ရွယ်ချက်က မြန်မာ ကျောင်းသားတွေကို ကျွန်တော်တို့အိန္ဒိယနိုင်ငံမှာ ဈေးနှုန်း သက်သက်သာသာနဲ့ကျောင်းတက်စေချင်လို့ပါ၊ မြန်မာ ကျောင်းသားလေးတွေဟာ နိုင်ငံခြားမှာ ထွက်ပြီး စာသင်ချင်ကြတယ်၊ ဒါပေမယ့် အဲဒါက အရမ်းဈေးကြီးတယ်၊ ဒါပေမယ့် အိန္ဒိယမှာက အရမ်းဈေးသက်သာတယ်၊ အစားအသောက်နေထိုင်မှုပုံစံတွေက အိန္ဒိယနဲ့ ခပ်ဆင် ဆင်ရှိတယ်လေ" ဟု Sape Events & Media Pvt. Ltd ၏ မန်းနေဂျင်းဒါရိုက်တာ Sanjay Thapa က မဇ္ဈိမသို့ ပြော သည်။

ပြပွဲကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယသံရုံး ဒုတိယပညာရေး အတွင်းဝန် Shri Tapas Kumar Gupta အပါအ၀င် အိန္ဒိယ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ အိန္ဒိယသံရုံး အမှုထမ်းများ၊ အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်းမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

"ဒီပွဲကတော့ ဆရာမြင်တာကတော့ အိန္ဒိယတက္ကသိုလ် တွေပေါ့နော်၊ တက္ကသိုလ်တွေက တက်နိုင်တဲ့အခွင့် အလမ်းတွေ လာပေးတာ၊ ခုနက ဆွေးနွေးသလောက်ဆို ရင် ဒါ မြန်မာပြည်က ကျောင်းသားတွေ၊ နိုင်ငံတကာက ကျောင်းသားပဲဖြစ်ဖြစ် သူတို့ဆီမှာ လာတက်ရင် အဆင် ပြေအောင် လုပ်ပေးတာ တွေ့ရတယ်၊ ဥပမာဆိုရရင် ဆရာတို့ဆီမှာ ဆရာတို့ပညာရေးစနစ်က ၁၁ နှစ်ပေါ့၊ ၁၁ တန်းခေါ်မှာပေါ့၊ အခြေခံပညာအောင်ပြီး တက္ကသိုလ် တက်ရတာ၊ သူတို့ကျတော့ ၁၂ တန်းပြီးမှ တက္ကသိုလ် တက်ရတာ၊ အဲဒီလို မတူညီတဲ့ ပညာရေးစနစ် ၂ ခု ကြား မှာ အဆင်ပြေအောင် လုပ်ပေးထားတာ တွေ့ရတယ်" ဟု ရန်ကုန်တက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ပြောသည်။

ပြပွဲတွင် လူငယ်လူရွယ်များ ကျောင်းသားများ အမျိုးမျိုး သော စကောလားရှစ်များဖြင့် အိန္ဒိယနိုင်ငံသို့  လာ ရောက် ပညာသင်ယူနိုင်ရေး ဖိတ်ခေါ်နိုင်ရန်အတွက် အချက် အလက်များ အသေးစိတ်လေ့လာ၊ ဆွေးနွေးနိုင်ရန် စီစဉ် ထားသည်။ အိန္ဒိယပညာရေးအဖွဲ့အစည်းများနှင့် ပတ်သက်သော ကျောင်းလခ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကျောင်း အဆောက်အအုံများကို ကျွမ်းကျင်သူများကလည်း ရှင်း လင်း တင်ပြခဲ့ကြသည်။

ယင်းပြပွဲကို စီစဉ်ကျင်းပခဲ့သည့် SAPE သည် အရှေ့ တောင်အာရှဒေသတွင် အခမ်းအနား စီမံမှုနှင့် ပညာရေး တိုးမြှင့်အားပေးမှု ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ပညာရေးပြပွဲများ ပြုလုပ်ခဲ့ သည်။

အဆိုပါပြပွဲကို မတ်လ ၂၃ ရက်နှင့် ၂၄ ရက်အထိ ၂ ရက် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် ပညာရေးဆိုင်ရာ ကုန်ကျစရိတ်များနှင့် ပတ်သက်သောသတင်းအချက်အလက်များနှင့် စကောလားရှစ်နှင့် ကျောင်း ၀င်ခွင့်များ လျှောက်ထားနိုင်ရန်လည်း အသေးစိတ် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။