ချင်းတွင်းသင်္ကြန်ကြောင့် မြစ်အတွင်းကမ်းပါးပြိုမှု ဖြစ်နိုင်ခြေမရှိဟု ဆို

ချင်းတွင်းသင်္ကြန်ကြောင့် မြစ်အတွင်းကမ်းပါးပြိုမှု ဖြစ်နိုင်ခြေမရှိဟု ဆို
ချင်းတွင်းသြင်္ကန်ကျင်းပမည့် သဲသောင်ပြင်တွင် ဝန်ကြီးချုပ်မှ ကြည့်ရှု့စစ်ဆေးနေစဉ်။

မုံရွာ၊ မတ် ၂၃။    ။ ချင်းတွင်းမြစ်ကမ်းနားတွင် ကျင်းပမည့် ချင်းတွင်းသြင်္ကန်ကြောင့် မြစ်အတွင်း ကမ်းပါးပြိုကျမှုများ ဖြစ်နိုင်ခြေ မရှိကြောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတင်အောင်ထွန်းကပြောသည်။

လက်ရှိတွင် ချင်းတွင်းသြင်္ကန်ကျင်းပရန်အတွက် မြစ်အတွင်း၌ မြေဖို့ခြင်း၊ လမ်းဖောက်လုပ်ခြင်းများ လုပ်ကိုင် နေခြင်း ဖြစ်ပြီး ချင်းတွင်းမြစ်အတွင်း မြေဖို့ခြင်းလုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် မုံရွာမြို့ခံများက ဝေဖန်လျှက်ရှိသည်။

"အခု မြေဖို့နေတာက ပါးပါးလေးခင်းနေတာ။ ဘာမှ မဖြစ်လောက်ဘူး။ နေရာကလည်း ရေယာဉ်ဆိပ်ကမ်းတွေ နဲ့ အဝေးကြီး၊ နောက် ကျောက်ဆောင်ကြီးလည်းရှိတယ်။ အဲ့ကျ ကမ်းပါးပြိုကျမှု အန္တရာယ်ကတော့ မဖြစ်နိုင်ဘူး" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သြင်္ကန်ပွဲပြီးပါကလည်း အဆိုပါဖို့မြေများအား ပြန်လည်သယ်ယူခြင်း လုပ်ငန်းကို လုပ်ဆောင်ပေးရန် စဉ်းစားထားကြောင်း မတ်လ ၁၇ ရက်က ပြုလုပ်သော ချင်းတွင်းသြင်္ကန် ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ကမ်းပါးနှင့်ကမ်းနားအတွင်း သဲ၊ ကျောက်၊ အုတ်၊ သစ်၊ ဝါးနှင့် အခြားအရာဝတ္တုများကို စုပုံခြင်းလုပ်လိုပါက ပစ္စည်းအမည်၊ အရေအတွက်၊ အကျယ်အဝန်း၊ စသည့်တို့ကို ဦးစီးဌာနသို့တင်ပြရမည်ဟု ရေမြစ်ဖြိုးဥပဒေတွင် ဖော်ပြပါရှိသည်။

"ချင်းတွင်းမြစ်ရေကြီးတဲ့အချိန်မှာ မုံရွာမြို့ကြီးရေမနစ်ရအောင် ကျွန်တော်တို့တွေ ရင်ဆီးပြီး ကာကွယ်ခဲ့ကြရပါတယ်။ ချင်းတွင်းမြစ်ထဲကို မြေဖို့ပြီးလမ်းခင်းဖို့မပြောနဲ့ မြေလက်တစ်ဆုပ်စာတောင် အဖို့မခံနိုင်ပါဘူး" ဟု မုံရွာမြို့ခံ ကိုစိန်ဝင်းက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးမှ ချင်းတွင်းမြစ်အတွင်း လမ်းဖောက်လုပ်ခြင်းများ လုပ်ခဲ့မှုကြောင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေနှင့်အရေးယူမှု တစ်ခုဖြစ်ပွားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required