ကစားကွင်း တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းရန်နှင့် ဒဏ်ငွေ ယူရို ၄၃,၀၀၀ ပေးဆောင်ရန် ပီအက်စ်ဂျီအသင်းကို ပြစ်ဒဏ်များ ယူအီးအေဖ်အေ ချမှတ်

ကစားကွင်း တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းရန်နှင့် ဒဏ်ငွေ ယူရို ၄၃,၀၀၀ ပေးဆောင်ရန် ပီအက်စ်ဂျီအသင်းကို ပြစ်ဒဏ်များ ယူအီးအေဖ်အေ ချမှတ်
(ဓာတ်ပုံ - အီးပီအေ)

ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မတ်လ ၉ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များအတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ကြာသပတေးနေ့က ပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ကျင့်ဝတ်များနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လာမယ့် ဥရောပပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း ကွင်းရဲ့ မြောက်ဘက် ပွဲကြည့်စင်ကို ပိတ်ထားဖို့ အမိန့်ချမှတ်ခဲ့သလို ကလပ်အသင်းအပေါ် ဒဏ်ငွေ ယူရို ၄၃,၀၀၀ (ဒေါ်လာ ၅၃,၀၀၀ ခန့်) ပေးဆောင်ရန် ဒဏ်ရိုက်ခဲ့ပါတယ်။

အဆိုပါစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အတွင်း Parc des Princes ကွင်းမှာ ပွဲကြည့်စင်ရှိ ပရိသတ်များရဲ့ အပြုအမှုများအရ ပီအက်စ်ဂျီအသင်းကို စည်းကမ်းပိုင်းဆိုင်ရာများကို မလိုက်နာမှုဖြင့် အရေးယူဖို့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်အတွင်း ပရိသတ်များဟာ ပွဲကြည့်စင်မှ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်းနဲ့ လေဆာမီးများ ထိုးခြင်းတို့ကို ရပ်တန့်ပေးရန်နှင့် ရှင်းလင်းဖယ်ရှားရန် မလုပ်ဆောင်ခဲ့တာကြောင့် ကလပ်အသင်းက စည်းမျဉ်းစည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။

အရင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွင်း ပီအက်စ်ဂျီအသင်း ပရိသတ်များက မီးရှုးမီးပန်းများ ဖောက်လွှတ်မှုများဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပီအက်စ်ဂျီအသင်းကို ဒဏ်ငွေ ယူရို ၄၀,၀၀၀ (ဒေါ်လာ ၅၀,၀၀၀ ခန့်) ဒဏ်ရိုက်ခဲ့ဖူးပါတယ်။

© EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required