နိုင်ငံရေးပါတီများနှင့် ကလေးလူငယ်များ တွေ့ဆုံမည်

နိုင်ငံရေးပါတီများနှင့် ကလေးလူငယ်များ တွေ့ဆုံမည်

သြဂုတ် ၂၈ ရက် ။         ။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အသက် ၁၂-၁၈ နှစ် အကြား ကလေးလူငယ် ၅၀ ဦးတို့ ရန်ကုန်မြို့ Park Royal Hotel ၌ သြဂုတ် ၂၈ ရက်တွင်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။

UNICEF နှင့် NCRWG အဖွဲ့တို့က ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်သည့် ယင်းတွေ့ဆုံပွဲ၌ ကလေးလူငယ်များက ၎င်းတို့၏ မျှော်လင့်ချက်များ၊ အိမ်မက်များနှင့် စိုးရိမ်ပူပန်မှု များကို နှီးနှော ဆွေးနွေးမည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံမှာ ကလေးဦးရေ ဖြစ်သဖြင့် 'ကလေးများအတွက် ရင်းနှီးမြှပ်နှံခြင်းနှင့် ကလေးအရေးကို ဦးစားပေးခြင်းမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည်။' ဟု ကလေး အခွင့်အရေးများ ဆောင်ရွက်နေသည့် UNICEF-United Nations International Children's Emergency Fund က ထုတ်ပြန်သည်။

အသက်(၅)နှစ်မှ (၁၈) နှစ်အတွင်း ကလေး (၄.၄) သန်းမှာ ကျောင်းတက်ခွင့် မရှိကြသည်သာမက ကလေး (၁၀) သန်းမှာ ဆင်းရဲမွဲတေနေကြသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များအနက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မှာ အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရသည်ဟုလည်း ဆိုသည်။

“အခုလုပ်မဲ့တွေ့ဆုံပွဲက ကလေးတွေအနေနဲ့ သူတို့တင်ပြချင်တဲ့အကြောင်းအရာတွေကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ကို တိုက်ရိုက် တင်ပြနိုင်မှာဖြစ်ပြီး နိုင်ငံရေးပါတီရဲ့မူဝါဒပိုင်းတွေ အကောင် အထည်ဖော်ပြင်ဆင်ရာမှာလည်း ကလေးများ အရေးကိုပါ ထည့်သွင်းစဉ်းစားဖို့ရာ တင်ပြဆွေးနွေးကြမှာပါ” ဟု Save the Children ၏ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ စီမံအုပ်ချူပ်မှု ဌာနမှူးဒေါ်နီနီလှကပြောသည်။

ဆွေးနွေးပွဲတွင် ပါတီပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များအား ကလေးများအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များကို ၎င်းတို့၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်း လုပ်ဆောင်ရန် အားပေး တိုက်တွန်းသွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံရေးပါတီများအား ကလေးများအကျိုး ဖြစ်ထွန်းစေမည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ရန်တောင်းဆိုသွား မည်ဖြစ် သည်။

UNICEF သည် မြန်မာနိုင်ငံ၌ ၁၉၅၀ ခုနှစ်မှ စတင်ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။ UNICEF အနေဖြင့် အစိုးရနှင့် လူမှုအခြေစိုက်အဖွဲ့များဖြင့်ပူးတွဲပြီး ကလေးသေဆုံနှုန်းလျော့ချရေး၊ ကလေးများ အရည်အသွေး ပြည့်ဝသော ပညာရေးကို သင်ကြားနိုင်စေရေးနှင့် ကလေးများအား အကြမ်းဖက်မှုမှကာကွယ်ရေး စသည်တို့ကို ဆောင်ရွက်နေသည်။

NCRWG-NGO Child Rights Working Group ကို Save the Children၊ World Vision၊ Pestalozzi အဖွဲ့များ၊ အခြားလူမှုရေးအဖွဲ့များနှင့် လက်တွဲပြီး မြန်မာနိုင်ငံအတွင်းရှိ ကလေများ၏ အခွင့်အရေးကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ယခုလက်ရှိတွင် အဖွဲ့ဝင် ၅၀ ခန့်ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

NCRWG အဖွဲ့သည် လက်တွဲဆောင်ရွက်နေ သော အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် ယခုလာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအား ကလေးများ၏ အရေးတွင် ပိုမိုဆောင်ရွက်ရန်နှင့် လူမှုရေးကဏ္ဍအသုံးစရိတ်များ အားတိုးမြှင့်ပေးရန် စည်းရုံးလှုံဆော်ရေးလှုပ်ရှားမှုတစ်ခုကိုစတင်ဆောင်ရွက်နေပြီဖြစ်သည်။
 Ref; UNICEF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly