စလေ - ပခန်းငယ် ရေလမ်းကြောင်း ရေထိန်းရေကာတည်ဆောက်ရေး ဧပြီလအတွင်း ပြီးစီးမည်

စလေ - ပခန်းငယ် ရေလမ်းကြောင်း ရေထိန်းရေကာတည်ဆောက်ရေး ဧပြီလအတွင်း ပြီးစီးမည်

စလင်း မတ် ၂၂ ။           ။ မြစ်ကမ်းပါးပြိုမှု ဖြစ်စဉ်များမှာ ရေလမ်းကြောင်း မတည်ငြိမ်ခြင်းကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး စလင်းမြို့နယ် အတွင်းရှိ စလေ-ပခန်းငယ် ရေလမ်းကြောင်း   ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသော ရေထိန်းရေကာ တည်ဆောက်ရေး လုပ်ငန်းများ ဧပြီလအတွင်းပြီးစီးတော့မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ သိရသည်။

" ရေလမ်းကြောင်းကောင်းဖို့အတွက် ရေလမ်းထိန်းရေကာတွေလုပ်နေတာ နှစ်နှစ်ရှိခဲ့ပါပြီ။ ၂၀၁၆-၁၇ ပြည်ထောင်စုဘတ်ဂျက် သန်း(၁၃၀)နဲ့ အလျားပေ(၂၄၀၀)ကျောက်ခင်း ၊မျှောရေကာ(၂)ခုကို ဆောင်ရွက်ခဲ့ပါ တယ်။ ၂၀၁၇-၁၈မှာ ပြည်ထောင်စုဘတ်ဂျက် ကျပ်သန်း(၂၅၂)သန်း သုံးပြီး အလျားပေ ၃၂၀၀ ရှိတဲ့ Geo Bag ခင်း သုံးတန်းသွားရေကာ လုပ်ခဲ့ပါတယ်။ လုပ်ငန်းရဲ့ (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးပါပြီ။ အခုလာမယ့့် ဧပြီလ မကုန်မီမှာ လုပ်ငန်းအားလုံး ပြီးစီးနိုင်မယ်လို့ ခန့်မှန်းပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောသည်။

ပြည်သူများ၏နေထိုင်၊စားသောက်မှုဆိုင်ရာ ဘဝတည်ငြိမ်မှုများအပေါ် သက်ရောက်မှုကြီးစွာဖြစ်ပေါ်နေသော ကမ်းပါးပြိုမှုဖြစ်စဉ်များမှာ ရေစီးလမ်းကြောင်း မတည်ငြိမ်မှုကြောင့်ဖြစ်ပြီး ကမ်းပါးပြိုမှုများ လျော့နည်းသွားစေရန် အတွက် ရေလမ်းကြောင်းထိန်းသိမ်းရေးမှာ ပင်မအရေးကြီးလုပ်ငန်းဖြစ်ကြောင်း ၊ ဒေသတွင်း လတ်တလော အခြေအနေမှာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုပို၍ ဖြေရှင်းဆောင်ရွက်ခဲ့ ရကြောင်း ၎င်းကဆိုသည်။

“ ဧရာဝတီမြစ်ကြောင်းက တစ်ဖြည်းဖြည်း ပျက်စီးလာတာ။ ၂၀၀၀ခုနှစ်နောက်ပိုင်းလောက်မှာ အရမ်းသိသာ လာတယ်။ ကျွန်တော်တို့က ရေကြောင်းကို ကိုယ်သွားစေချင်တဲ့လမ်းကို အသေအချာဖောက်ပြီး အခိုင်အမာ လုပ်ထားရင် ဘယ်မှကမ်းပြိုကမ်းစားလည်း ရှိစရာအကြောင်းမရှိဘူး။ ရေကြောင်းကို သေချာဖောက်မထားရင် သူသွားချင်ရာသွားမယ်။ တစ်ဘက်ဘက်ကိုဦးတည်ပြီးကာလိုက်ရင်   နောက်တစ်ဘက်ကို ပြန်ဝိုက်သွားတယ်။ ရေကြောင်းက တစ်သမတ်တည်း မဟုတ် တော့ဘူး။ မကွေးတိုင်းထဲမှာ ကမ်းပြိုကမ်းစားဖြစ် တာ တော်တော်ကိုဆိုးတယ် ” ဟု ညွှန်ကြားရေးမှူးဦးဇော်လွင် က လတ်တလောအခြေအနေ ကို သုံးသပ်ပြောဆို သည်။

စလေ-ပခန်းငယ်ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းမှာ ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဘဏ်အကူအညီဖြင့် နယ် သာလန်နိုင်ငံပညာရှင်များ ရေးဆွဲထားသည့် Master Plan ၏ တစ်စိတ်တစ်ဒေသကိုအကောင်အထည် ဖော်ခြင်းဖြစ်ပြီး ဒေသတွင်းကမ်းပါးပြိုမှုများလျော့ကျစေရန် ယင်း Plan အား အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required