အောင်လအန်ဆန် ကချင်စစ်ရှောင်စခန်းများသို့ သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းခဲ့

အောင်လအန်ဆန် ကချင်စစ်ရှောင်စခန်းများသို့ သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းခဲ့
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ချင်းမိုင်၊ မတ်လ ၂၂ ။           ။ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ပိုင်ဆိုင်ထားသူ အောင်လအန်ဆန်သည် မြစ်ကြီးနားမြို့ရှိ စစ်ရှောင် စခန်းများသို့ သွားရောက်ကြည့်ရှု၍ အကူအညီများ ပေးအပ်ခဲ့သည်ဟု သိရသည်။

မတ်လ ၂၂ ရက်က အောင်လအန်ဆန် သည် ဝိုင်းမော်မြို့နယ် မိုင်းနား RC၊ စီတာပူ KBC၊ AG စသည့် စစ်ရှောင် စခန်း ၃ ခုသို့ သွားရောက်ခဲ့ကာ ဆန်၊ ဆီ၊ ကုလားပဲနှင့် TV များကို ပေးအပ်လှူဒါန်းခဲ့ကာ အားပေးစကား ပြောကြားခဲ့သည်ဟု အောင်လအန်ဆန် ၏ ဖခင် ဦးအင်ဆန် တူးအောင်က ပြောသည်။

“စခန်း ၃ နေရာသွားတယ်။ ဆီ၊ ဆန်တွေပေးတယ်။ စခန်းတခုမှာ တီဗွီ တစ်လုံးပေးခဲ့တယ်။ အောင်လကတော့ စားကြိုးစားကြဖို့၊ စိတ်ဓါတ်မကျဖို့ ပြောသွားတယ်၊ သူက စိတ်မကောင်းဘူး။ သူတို့ကို အားပေးစကား ပြောတယ်။ သူလည်း အရမ်းခံစားရတယ် ။ စခန်းတွေမှာ အခက်အခဲတော့ အများကြီးရှိတယ်။ စီတာပူ စခန်းလိုဆို မြို့ထဲမှာဆိုပြီး ဘယ်သူမှ ကူညီတာ မရှိဘူး။ ကေဘီစီကဘဲ ကူညီနေတာ။ မြို့ထဲမှာတောင် အဲဒီလို ဖြစ်နေတာ။ တောထဲမှာဆို ပိုဆိုးမှာဘဲ။ ဆန်၊ ဆီ၊ ဆား၊ အရမ်းလိုအပ်နေတယ်”ဟု သူက ပြောသည်။

သူ၏ ခရီးစဉ်တွင် မနက်ဖြန် မတ်လ ၂၃ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်တွင် ကျင်းပနေသော ၃၈ ကြိမ်မြောက် KBC လူထုအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ထိုပွဲတွင် အောင်လအန်ဆန် အား ဂုဏ်ပြုချီးမြှင့်မှု အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန် သည် ဇနီး ဒေါ်ဝဒတ်ဂျာလိုင် (ခ) ကက်သရိန်း အိုလီမန် (Wadat Ja Lai @ Katharine Olimant) နှင့် သား အင်ဆန်အောင်ဒီး တို့နှင့်အတူ မြစ်ကြီးနားမြို့တွင်   ရောက်ရှိနေခြင်း ဖြစ်သည်။

မတ်လ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်ရှိ နေအိမ်တွင် အောင်လအန်ဆန် အတွက် အောင်မြင်မှု ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly