ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်း

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်း

ရန်ကုန်၊ မတ် ၂၂ ။          ။ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်ရရန် မသေချာသောကြောင့် “ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ် မြောက်ရေး ကော်မတီ” ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကော်မတီတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က မဇ္ဈိမသို့ အတည်ပြုပြောသည်။

 “ ရခိုင်လွှတ်မြောက်ရေးပါတီ (ALP) နဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ (ANP)  ဆွေးနွေးကြတယ်ပေါ့။ ၂၀ နေ့လောက်ကဆွေးနွေးတယ်။ ပြီးတော့ ဒီကိစ္စကိုမသေချာဘူးဆိုရင် ရေရှည်ဆွဲထားလည်း အလကားပဲဆိုပြီး ဒေါ်စောမြရာဇာလင်းနဲ့ ကျွန်တော်တို့ဘက်က တာဝန်ရှိတဲ့ ဦးခိုင်ပြည်စိုးနဲ့ နှစ်ဖက်လက်မှတ်ထိုးပြီးတော့ ဒီကော်မတီကိုရုပ်သိမ်းဖို့အတွက် သဘောတူလက်မှတ်ထိုးလိုက်ကြတာပေါ့ဗျာ ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

အပစ်ရပ်စာချုပ် (NCA) အရ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခွင့်ရှိ သော်လည်း ရခိုင်ပြည်နယ် ကျင်းပရန်အတွက် အစိုးရမှ ခွင့်မပြုပေးသေးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။

“ ကျွန်တော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမဆိုထားနဲ့ လူထုအကြိုဆွေးနွေးပွဲတွေတောင် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရကန့်သတ် တာတွေရှိတယ်ဗျ။ လူဦးရေဘယ်လောက်ပဲဖြစ်ရမယ်။ ဟိုနေရာ မလုပ်ပါနဲ့ ဒီနေရာမလုပ်ပါနဲ့ ကန့်သတ်ချက်တွေထားလာတယ် ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ RCSS နှင့် ALP တို့မှာ ယနေ့ထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နိုင်ခြင်း မရှိသေးခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှတောင်းဆိုထားသော်လည်း ကျင်းပခွင့်မရှိသေးပေ။

၂၀၁၅ ခုနှစ် အောက်တိုဘာလက NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊သျှှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျုးိ သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုတပ်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျုးိသားတပ်ဦး (CNF) တို့ လက်မှတ်ရေးထိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly