ပင်လယ်ပြင်စူးစမ်းရှာဖွေမှု ပူးပေါင်းလုပ်ဆောင်ရန် တရုတ်နှင့်ဖိလစ်ပိုင်သဘောတူ

ပင်လယ်ပြင်စူးစမ်းရှာဖွေမှု ပူးပေါင်းလုပ်ဆောင်ရန် တရုတ်နှင့်ဖိလစ်ပိုင်သဘောတူ

 

ပေကျင်း၊ တရုတ်၊ မတ် ၂၂ ။                      ။ တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေမှုကို ပူးတွဲလုပ်ဆောင်သွားရန် ညှိုနှိုင်းဆွေးနွေးမှုကို သတိကြီးစွာထား၍ လုပ်ကိုင်သွားကြမည်ဖြစ်ကြောင်း တရုတ်နှင့်ဖိလစ်ပိုင်တို့က ဗုဒ္ဓဟူးနေ့၌ ပြောဆိုခဲ့ကြသည်။

တရုတ်တို့ဘက်က အဆိုပါပင်လယ်ပြင်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောဆိုနေသည့်အတွက် နှစ်နိုင်ငံကြား ဒေသတွင်းရေကြောင်းလမ်းနှင့်ပက်သက်၍ နှစ်ပေါင်းများစွာကြာအောင် အငြင်းအခုန်ဖြစ်နေ ခဲ့ကြသော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက သူ၏ရာထူးကိုဆက်ခံစဉ်ကတည်းက တရုတ်တို့အပေါ် ပျော့ပြောင်းစွာ ဆက်ဆံလာခဲ့သည်။

“ကျုပ်တို့နှစ်နိုင်ငံဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့စူးစမ်းရှာဖွေရေးကို တည်တည်ငြိမ်ငြိမ်နဲ့ နှိုင်းနှိုင်းချိန်ချိန် ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန် ပီတာကာယီတန်နိုနှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်အတွင်းမှာ စွမ်းအင်ရှာဖွေနေတဲ့ အငြင်းပွားဖွယ်ရာကိစ္စရပ်တွေကြောင့် နှစ်နိုင်ငံကြားက ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အထိပါးခံမှာမဟုတ်ပါဘူး” ဟုလည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ယခုလအစောပိုင်းတွင် ဖိလစ်ပိုင်တို့က ၎င်းတို့သည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီနှင့်အတူလက်တွဲ၍ အရင်းအမြစ် ပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်အတွင်း၌ မဟာဗျူကျသော စူးစမ်းရှာဖွေမှုများကို ဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့ဖူးသည်။

ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း အဆိုပါပင်လယ်ပြင်၏ ရေပိုင်နက်အချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု အသီးသီးပြောဆိုနေကြပြီး ဖိလစ်ပိုင်နှင့်တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြား တပ်လှန့်ပေးသလို ဖြစ်လာစေခဲ့သည်။

ကာယီတန်နိုက ပူးတွဲကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲ၌ “တရုတ်အစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့ဟာ ပူးပေါင်း စူးစမ်းရှာဖွေမှုနဲ့ ကွင်းဆင်းလေ့လာမှုတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တရားဝင်ဖြစ်မယ့် ဥပဒေရေး ရာကိစ္စတွေကို လုပ်ဆောင်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

ဒါ့အပြင်သူက “ကျနော်တို့ရဲ့ဆက်ဆံရေးဟာ ရွှေရောင်ကာလကိုရောက်ရှိနေပါပြီ။ အလွန်ကိုအပြုသဘော ဆောင်တဲ့ အရှိန်အဟုန်နဲ့လည်း စိန်ခေါ်မှုတွေကိုအတူတကွ ရင်ဆိုင်သွားဖို့ နှစ်နိုင်ငံစလုံးဟာ အဆင်သင့်ဖြစ် နေပါပြီ” ဟု သတင်းထောက်များကိုပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required