လင်းခေးရှိ ဗာဂျီးနီးယားစက်ရုံမြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီစဉ်မရှိဟုဆို

လင်းခေးရှိ ဗာဂျီးနီးယားစက်ရုံမြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီစဉ်မရှိဟုဆို

 

နေပြည်တော်၊ မတ်လ ၂၁ ။                 ။ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း ဗာဂျီးနီးယားဆေးပေါင်းစခန်း ၁၄ခု မှ စုစုပေါင်း မြေဧရိယာ ၁၆.၁၂၇ ဧရိယာအား ယခင်စက်မှု(၁) ဝန်ကြီးဌာနထံမှ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တရားဝင် ဝယ်ယူထားခြင်းကြောင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က   ပြောသည်။

အဆိုပါ မြေများမှာ သိမ်းယူထားခြင်းမဟုတ်ဘဲ တရားဝင် အကျေပေးချေ ဝယ်ယူထားကြောင်း ဆိုသည်။

“ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ရာနှုန်းပြည့်ထောက်မထားသော မြဝတီ ထရေးဒင်းလီမိတက် အနေဖြင့် ၎င်းမြေများအား သိမ်းယူထားခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် နိုင်ငံတော်မှ တရားဝင် ဝယ်ယူထားခဲ့ပြီးကျသင့်တန်ဖိုးငွေများကိုလည်းယခင် အမှတ်(၁) စက်မှု ဝန်ကြီးဌာနသို့ အကျေပေးချေခဲ့ပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယနေ့ မတ်လ၂၃ရက်က ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်းမေးမြန်းခဲ့သော လင်းခေးမြို့နယ်ရှိ ယခင် အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ ဗာဂျီးနီးယားဆေးလုပ်ငန်း ဆောင်ရွက်ခဲ့သော မြေနေရာ ၊ အဆောက်အဦများအား မြို့ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် မူလပိုင်ရှင်များသို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် လွှတ်တော်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းဘဟိန်းက အဆိုပါမြေနေရာများကိုစိစစ်တွေ့ရှိချက်များအရ “ ယခုအခါ ပြုပြင်ထိန်းသိမ်းမှု မရှိတော့ပဲ ပျက်စီးယိုယွင်းနေပြီး ချုံနွယ်ပိတ်ပေါင်းများ ထူထပ် နေတာကို တွေ့ရပါတယ်။ ကြွက်တွေ၊ ခြင်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့ မသမာသူများ ခိုအောင်းရာ နေရာဖြစ်ပြီး တစ်ခါက လူသေမှုတွေ ဖြစ်ခဲ့တာကိုတွေ့ခဲ့ရတယ် ” ဟု ပြည်သူ့လွှတ်တော်သို့ အဆိုပါမေးခွန်းမေးမြန်းရာတွင် ပြောသည်။

မြဝတီထရေးဒင်းလီမိတက်သည် ၂၀၁၀ပြည့်နှစ်အတွင်းတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာချက်အရ ဗာဂျီးနီးယားဆေးလုပ်ငန်း စက်ရုံများအောက်ရှိသော မန္တလေးနှင့် ပခုက္ကူ မြို့များရှိ ကုန်ထုတ်ဌာစုများအလိုက် ဆေးပေါင်းစခန်း၄၁ခု၊ အေးဆေးစခန်း ၃ခု၊ ဆက်စပ် အဆောက်အဦးများ၊ ဝန်ထမ်းအိမ်ယာများ ပါဝင်သော မြေနှင့် အခြားမြေလွတ်ဧရိယာ ၅၀၁.၂၆ ဧက အတွက် ကျင့်သင့်ငွေ ၇၄၁၁.၉၄၄ သန်းကို ပေးချေထားကြောင်း ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။

ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် အတွင်းတွင် “ကျသင့်တန်ဖိုးငွေများကို အကျေ ပေးချေပြီးဖြစ်၍ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း ၏ ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်စွဲပါ ရုံးအမိန့်အမှတ်၊ ၅၀၁/၂၀၁၀ အရ လွှဲပြောင်း၊လက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လွှဲပြောင်း လက်ခံခဲ့ပြီးဖြစ်ကြောင်း” ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required