ဘရာဇီးတွင် ထင်ရှားသည့် တက်ကြွလှုပ်ရှားသူတစ်ဦး အသတ်ခံရမှု လူပေါင်းထောင်နဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြ

ဘရာဇီးတွင် ထင်ရှားသည့် တက်ကြွလှုပ်ရှားသူတစ်ဦး အသတ်ခံရမှု လူပေါင်းထောင်နဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြ

မတ် ၂၁ ။           ။ ပြီးခဲ့သည့် သီတင်းပတ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ကောင်စီဝင်တစ်ဦးဖြစ်သည့် အမျိုးသမီးတက်ကြွလှုပ်ရှားသူ မာရီယယ်လီ ဖရန်ကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုကိစ္စနှင့်ပတ်သက်၍ မတ်လ ၂၀ ရက်က နိုင်ငံတစ်ဝှမ်း မြို့များအသီးသီး၌ ထောင်ပေါင်းများစွာသော ပြည်သူတို့ လမ်းပေါ်ထွက်ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

မြို့ကောင်စီဝင် ဖရန်ကိုနှင့် သူမ၏ ဒရိုင်ဘာဖြစ်သူ အန်ဒါဆင် ဂိုမက်စ်တို့ ယခင်တစ်ပတ်က သတ်ဖြတ်ခံခဲ့ရမှုကိစ္စတွင် အမှုမှန် ပေါ်ပေါက်ရေး တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ မြို့ကြီးများပေါ်တွင် ဆန္ဒထုတ်ဖော်မှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

လူမည်း အမျိုးသမီးတစ်ဦးဖြစ်သော အသက် ၃၈ နှစ်အရွယ် ဖရန်ကိုသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က မြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခံရပြီး လူအများစုကို အံ့အားသင့်စေခဲ့သည်။ သူမသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် နာမည်ကျော်လာခဲ့ပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး ဥပဒေစိုးမိုးခြင်းမရှိသည့် ဆင်းရဲသားရပ်ကွက်များတွင် ရဲတပ်ဖွဲ့၏  ရက်စက်ကြမ်းကြုတ်မှုများအပေါ် ကျယ်လောင်စွာ ထုတ်ဖော်ဝေဖန်ပြောဆိုနေခဲ့သူလည်းဖြစ်သည်။

သို့သော် သူမမှာ ပြီးခဲ့သည့် သီတင်းပတ်က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာ လေးချက်ဖြင့် ကွယ်လွန်ခဲ့ရသည်။ ယခုကဲ့သို့ သူမ လုပ်ကြံခံရမှုမှာ စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့သည့်လုပ်ရပ်တစ်ခုဖြစ်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့များအပေါ် ဝေဖန်နေမှုများကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုတွင် သူမ၏ ကားဒရိုင်ဘာဖြစ်သူလည်း ကွယ်လွန်သွားခဲ့သည်။

" ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေကို ကြောက်လန့်သွားစေချင်ကြတယ်လေ၊ ဒါပေမယ့် ဘယ်တော့မှ အဲလိုဖြစ်လာမှာမဟုတ်ပါဘူး" ဆိုပြီး ဘရာဇီးလက်ဝဲယိမ်းပါတီ PSOL မှ ကွန်ဂရက်လွှတ်တော်အမတ် ဂလောက်ဘာ ဘရာဂါက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required