အနာဂတ်တွင် ပူတင်နှင့်တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားသည်ဟု ထရမ့်ပြောကြား

အနာဂတ်တွင် ပူတင်နှင့်တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားသည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၁ ။          ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် မကြာသေးခင်ကရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ လာမည့်အနာဂတ်တွင်တွေ့ဆုံပြီး နျူကလီးယား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် ၎င်းတို့နှစ်နိုင်ငံကြားရှိ စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုနှင့်ပက်သက်၍ ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ သမ္မတပူတင်ကို ဂုဏ်ယူမိကြောင်း တယ်လီဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့ပါတယ်” ဟု ထရမ့်က ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့်အတူ ဘဲဥပုံရုံးခန်း၌တွေ့ဆုံဆွေးနွေးစဉ် တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျနော်တို့နှစ်ယောက်တွေ့ဆုံပြီးတော့ အထိန်းအချုပ်မဲ့နေတဲ့ လက်နက် အပြိုင်အဆိုင်တပ်ဆင်မှုနဲ့ ပက်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က ဆိုခဲ့သည်။

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုဟာ ကြီးကျယ်လှတဲ့ကိစ္စမဟုတ်ဘူးလို့ ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ ပူတင်က ပြောဆိုခဲ့ဖူးပါတယ်။ ဒီနှစ်မှာ ကျနော်တို့ရဲ့စစ်တပ်အတွက် ကျနော်တို့ ဟာ ဒေါ်လာဘီလျံ ၇၀၀ လောက်သုံးစွဲမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ အဖြစ် ဆက်လက်တည်ရှိနေဖို့ ငွေအလုံးအရင်းသုံးစွဲရတာဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ဆက်လက်ပြီး ထရမ့်က “ ကျနော်တို့ဖုန်းထဲမှာ ကောင်းကောင်းမွန်မွန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော် တို့ဟာ ကျနော်တို့လက်ရှိပိုင်ဆိုင်နေတဲ့ စစ်အင်အားလိုမျိုး ဘယ်သူ့ကိုမှအနီးစပ်ဆုံးပိုင်ဆိုင်ခွင့်ပြုချင်မှာ မဟုတ် ပါဘူး။ ကျနော်တို့ဟာ ယူကရိန်း၊ ဆီးရီးယားနဲ့ မြောက်ကိုရီးယားအပါအဝင် အခြားအရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ရုရှားအစိုးရဘက်မှလည်း ထရမ့်၏ဖုန်းခေါ်ဆိုမှုနှင့်ပက်သက်၍ “ ခေါင်းဆောင်များဟာ အနာဂတ်မှာ နိုင်ငံတကာအကြမ်းဖက်ကိစ္စတွေနဲ့ မဟာဗျူဟာကျတည်ငြိမ်မှုရှိရေးတို့အပါအဝင် အရေးကိစ္စအများအပြားမှာ အတူတကွ လက်တွေ့ကျကျပူးပေါင်းပြီးတော့ တိုးတက်မှုရှိလာအောင် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required