နိုင်ငံတော်သမ္မတရာထူးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြန်လည်ရွေးချယ်မည်

နိုင်ငံတော်သမ္မတရာထူးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြန်လည်ရွေးချယ်မည်
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မတ် ၂၁ ။                   ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရာထူးမှနေ၍ မတ်လ ၂၁ ရက်မှစတင်ကာ နုတ်ထွက်လိုက်ပြီး နိုင်ငံတော်သမ္မတ ရာထူးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ပြန်လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း အာဏာရ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ပြောသည်။

"ဘယ်လိုသမ္မတမျိုး ရွေးမလဲဆိုတာတော့ ကျွန်တော်တို့ ထပ်ပြီး တိုင်ပင်ရဦးမှာပါ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတရွေးချယ်ရေးလုပ်ငန်းတွေနဲ့ ပြန်ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ ပါတီကနေ တိုက်ရိုက်ထုတ်ပြန်မှာမဟုတ်ဘူး။ အစိုးရ နဲ့ လွှတ်တော်က အဓိက ကိုင်တွယ်သွားမှာပါ " ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ယနေ့ မတ်လ ၂၁ ရက်ထုတ်ပြန်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၇၃)၊ ပုဒ်မခွဲ (ခ) နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ၇ ရက်အတွင်း ပြန်လည်ခန့်အပ်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိတွင် နိုင်ငံတော်သမ္မတရာထူးကို ဒုသမ္မတ (၁) ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်  ၇ ရက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် သမ္မတရာထူးမှနုတ်ထွက်သည်ဟုသာ အဆိုပါထုတ်ပြန်စာတွင် ပါရှိပြီး မည်သည့်အကြောင်းကိုမှ  အသေးစိတ်   ဖော်ပြထားခြင်းမရှိသော်လည်း  “ အဓိကပြဿနာကတော့ ကျန်းမာရေးပါပဲ ” ဟု အာဏာရပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစိန်ဝင်းက နိုင်ငံတော်သမ္မတအနေဖြင့် ကျန်းမာရေးမကောင်းသည်မှာ မှန်သော်လည်း အလုပ်ဆက်လုပ်နိုင်စွမ်းရှိသေးသည်ဟု မြင်မိကြောင်းဆိုသည်။

“ သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့်ကပီပီပြင်ပြင်မရှိတဲ့အခါမှာ စိတ်ပင်ပန်းမှုဒဏ်ကို သူခံရတဲ့အချိန်မှာ သူဆုံးဖြတ်တာ က နောက်ဆုံးထွက်မယ်” ဟု ၎င်းက သုံးသပ်သည်။

ထို့ပြင် ဦးထင်ကျော်သည် စိတ်သဘောထားပြည့်ဝသည့်လူမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် ချစ်ခင်လေးစားမှုကြောင့် သမ္မတရာထူးကို လက်ခံတာဝန် ထမ်းဆောင်ခဲ့ခြင်းဟု သတင်းစာဆရာက  သုံးသပ်ပြောဆိုသည်။

၂၀၁၆ခုနှစ်၊မတ်၊၁၅ရက်နေ့တွင်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်းတွင် ဦးထင်ကျော်ကို မြန်မာနိုင်ငံ၏သမ္မတအဖြစ် မဲအရေအတွက် ၃၆၀ ဖြင့်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရ ဆုံးသော သူတစ်ဦးထဲတွင် ပါဝင်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်ငယ်ကာ ဒဂုံ(၁)ကျောင်း၌ ပညာအတူ ဆည်းပူးခဲ့သူလည်း ဖြစ်သည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD ၏ နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလွင်၏ သမီးဖြစ်ပြီး ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံထားခဲ့ရသူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required