သူပုန်တို့၏ ဒုံးကျည်များနှင့်ပစ်ခတ်မှုကြောင့် ဆီးရီးယားနိုင်ငံမြို့တော်၌ လူ ၃၅ ဦးသေဆုံး

သူပုန်တို့၏ ဒုံးကျည်များနှင့်ပစ်ခတ်မှုကြောင့် ဆီးရီးယားနိုင်ငံမြို့တော်၌ လူ ၃၅ ဦးသေဆုံး

 

ဘေရွတ်၊ မတ် ၂၁ ။                       ။ ဆီးရီးယားနိုင်ငံမြို့တော် ဒါမာစကပ်မြို့မှ ယာရာမန်နာဆင်ခြေဖုံးအရပ်၌ အင်္ဂါနေ့တွင် သူပုန်များက ဒုံးကျည် များဖြင့် တရစပ်ပစ်ခတ်မှုကြောင့် လူပေါင်း ၃၅ဦးခန့် သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ SANA က သတင်းတင်ပြခဲ့သည်။

သို့သော်လည်း ရဲတပ်ဖွဲ့မှလာသောသတင်းများအရ သေဆုံးသူအရေအတွက်မှာ ၂၉ ဦးဖြစ်ပြီး ၂၃ ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်များကို ဒါမာစကပ်မြို့အပြင်ဘက်မှ အတိုက်အခံများထိန်းချုပ်ထားသော ဂိုတာအရှေ့ပိုင်းအရပ် ရှိ အကြမ်းဖက်အဖွဲ့အစည်းများက ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ SOHR ကမူ သေဆုံးသူအရေ အတွက်မှာ အရပ်သား ၂၁ဦးအပါအဝင် စုစုပေါင်း ၃၄ဦးဖြစ်ကြောင်းနှင့် အပြင်းအထန်ဒဏ်ရာရရှိသူများရှိနေ သည့်အတွက် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ချေရှိကြောင်း ပြောခဲ့သည်။

ပြီးခဲ့သော ၄ လအတွင်း ဒါမာစကပ်မြို့၌ သူပုန်များ၏ ဒုံးကျည်များနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၈ ဦးခန့် သေဆုံးခဲ့ရသည်။

လက်ရှိအချိန်တွင် ဆီးရီးယားအစိုးရစစ်တပ်သည် ဂိုတာအရှေ့ပိုင်းဒေသတွင် သူပုန်တပ်ဖွဲ့များကို အကြီးအကျယ်ထိုးစစ်ဆင်လျက်ရှိနေပြီး ထိုဒေသအတွင်း ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှစတင်၍ သေဆုံးသူအရေအတွက် ၁၅၀၀ နီးပါးခန့်ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required