ရန်ကုန်၊ မတ် ၂၀ ။ ။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) တို့ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများ ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အနည်းဆုံး စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ခန့်ဖြစ်လာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ဒေသတွင်း ကူညီရေး အဖွဲ့တာဝန်ရှိသူတို့ထံမှသိရသည်။
မတ်လ ၁ဝ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်ရှိ ကျောက်မဲ၊ နမ့်ဆမ်နှင့် နမ္မတူမြို့နယ်များတွင် RCSS နှင့် TNLA တို့တိုက်ပွဲများကြောင့် မတ်လ ၁၈ ရက် နေ့အထိ လူဦးရေ ၁,၇ဝဝ နီးပါး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်ဟု UNOCHA မှထုတ်ပြန်သည်။
အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်သူများသည် ကျောက်မဲ၊ လားရှိုး နှင့် နမ္မတူမြို့နယ်များရှိ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ နေရာများတွင် နေထိုင်ကြရလျက်ရှိကြောင်း သိရသည်။
လတ်တလောတွင် ကျောက်မဲသို့ စစ်ရှောင်လာသူ ၂၀၀ ခန့်ရှိလာပြီး ထပ်မံတိမ်းရှောင်လာသည့် စစ်ရှောင်များလည်း ရှိနေသေးကြောင်းသိရသည်။
“ တိုက်ပွဲက ငြိမ်တော့ငြိမ်သွားပြီ ဒါပေမယ့် ကြိုကြားကြိုကြားတော့ဖြစ်နေတုန်း၊ စစ်ရှောင်တွေက တဖြည်းဖြည်းလာနေကြတုန်း “ ဟု ရှမ်းလူငယ်အဖွဲ့ ကျောက်မဲတာဝန်ခံ နန်းမွေစံ က ဆိုသည်။
အလားတူ တိုက်ပွဲများကြောင့် “ ၂၀၁၆ ကနေရောက်နေတဲ့သူ Camp ၃ ခု ပေါင်းမှ ၅၅၈ ယောက်၊ အခု ၆၀၀ ကျော်သွားပြီပေါ့နော် “ ဟု နမ္မတူစစ် ရှောင်စခန်းတာဝန်ခံ ဦးအောင်ဆန်းမြင့်က မဇ္ဈိမသို့ပြောသည်။
ထို့ကြောင့် ၂၀၁၆ ခုနှစ်ကတည်းက တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) တို့ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများကြောင့် ပြည်သူအနည်းဆုံး ၂၀၀၀ ခန့်စစ်ဘေးရှောင်ခဲ့ရဆဲဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ တပ်မတော်နှင့် တအောဝ်း/ ပလောင်အဖွဲ့ (TNLA) တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုက်ခေါင်နှင့် တာခိုင်ကျေးရွာ နှစ်ရွာမှ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသော်လည်း လက်ရှိတွင်နေရပ်သို့ပြန်သွားကြပြီဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရ နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့် အဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။