ငါးကားမြောက် Indiana Jones ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးရန် စတီဗင်စပီးဘာ့ဂ် စီစဉ်

ငါးကားမြောက် Indiana Jones ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးရန် စတီဗင်စပီးဘာ့ဂ် စီစဉ်

နာမည်ကျော်ဒါရိုက်တာကြီး စတီဗင်စပီးဘာ့ဂ်က သူသည် ငါးကားမြောက် Indiana Jones ဇာတ်ကားကို လာမည့် ၂၀၁၉ ခုနှစ်တွင် ဗြိတိန်၌ စတင်ရိုက်ကူးသွားရန်စီစဉ်ထားသည်ဟု ကြေညာခဲ့သည်။

ပြီးခဲ့သောတနင်္ဂနွေနေ့ညက Rakuten TV Empire ဆုပေးပွဲ၌ တစ်သက်တာထူးချွန်ဆုကို လက်ခံရယူစဉ်၌ ဗြိတိန်ရုပ်ရှင်လောကနှင့်အတူ ပူးပေါင်းထုတ်လုပ်သွားရန်စီစဉ်ထားသည့် သူ၏အစီအစဉ်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

“ဗြိတိန်က ပါရမီရှင်တွေနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့အတွက် ခရီးထွက်လာရတာ အလွန်ကိုထိုက်တန်ပါတယ်။ သရုပ်ဆောင်တွေ၊ ရုပ်ရှင်အဖွဲ့သားတွေ၊ ဒရိုင်ဘာတွေကအစ ဒီမှာရုပ်ရှင်ဖန်တီးဖို့ ကျနော့်ကိုကူညီတဲ့သူ အားလုံးဟာ လာမယ့် ၂၀၁၉ ခုနှစ်ဧပြီလမှာ Indiana Jones ရုပ်ရှင်ငါးကားမြောက်ကို ရိုက်ကူးဖို့ ကျနော်ဒီကို ပြန်လာတဲ့အချိန်မှာလည်း ကျနော့်ကို ဆက်လက်ပံ့ပိုးကြဦးမှာဖြစ်ပါတယ်” ဟု စပီးဘာ့ဂ်က ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ်က Disney စတူဒီယိုက စပီးဘာဂ့်သည် မင်းသားကြီးဟယ်ရီဆန်ဖို့ဒ်၏ ကျော်ကြားလှ သော ရုပ်ရှင်ဖြစ်သော Indiana Jones ကို ဆက်လက်ရိုက်ကူးဦးမည်ဟု ကြေညာခဲ့ဖူးသည်။

ငါးကားမြောက် Indiana Jones ရုပ်ရှင်ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရုံတင်ပြသသွားနိုင်ရန် စီစဉ် ထားသော်လည်း ပါဝင်မည့်သရုပ်ဆောင်စာရင်းကိုမူ ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

Indiana Jones 5 ၏ ဇာတ်ညွှန်းကို စပီးဘာ့ဂ်နှင့်အတူ Jurassic Park နှင့် Jurassic Park: the Lost World တို့တွင် အတူလက်တွဲခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့သည့် Indiana Jones and the Kingdom of the Crystal Skull ကို ဇာတ်ညွှန်းရေးသားပေးခဲ့သူ David Koepp ကပဲ ရေးသားပေးမည်ဖြစ်သည်။

ထွက်ရှိထားခဲ့သည့် Indiana Jones ဇာတ်ကား လေးကားစလုံးတွင် မင်းသားကြီးဟယ်ရီဆယ်ဖို့ဒ်က ဦးဆောင် ပါဝင်ခဲ့ပြီး စုစုပေါင်းရုံဝင်ငွေ ဒေါ်လာ ၂ ဘီလျံနီးပါးခန့် ရရှိထားခဲ့သည်အထိ အောင်မြင်ခဲ့သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required