မြန်မာနိုင်ငံ၏ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးရန် တရုတ်အစိုးရကို '၀'အဖွဲ့ဦးဆောင်သည့် FPNCC တောင်းဆို

မြန်မာနိုင်ငံ၏ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးရန် တရုတ်အစိုးရကို '၀'အဖွဲ့ဦးဆောင်သည့် FPNCC တောင်းဆို

 

ရန်ကုန်  ၊ မတ် ၂၀ ။                      ။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးရန် UWSA 'ဝ' အဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့်   ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က တောင်းဆိုလိုက်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အား ခေါင်းဆောင်အဖြစ်ထား၍ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းလိုက်သည့် တရုတ်အစိုးရအဖွဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း FPNCC၏ သဘောထားထုတ်ပြန်ချက်ထဲတွင်   ဖေါ်ပြတောင်းဆို ထားခြင်းဖြစ်သည်။

 လက်ရှိ အချိန်တွင် နိုင်ငံရေး ၊ စစ်ရေး အကျပ်အတည်း ရင်ဆိုင်နေရသည့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပြဿနာများနှင့် တရုတ်- မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသည့် မြန်မာနိုင်ငံရှိ  တိုင်းရင်းသားလူမျိုးများအား အထူးအလေးပေးကူညီစောင့်ရှောက်ပေးရန်အနူးအညွတ် တောင်းဆိုတင်ပြကြောင်း FPNCC ၏ထုတ်ပြန်ချက်ထဲတွင်ဖေါ်ပြထားသည်။

ယနေ့ မတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် FPNCC ၏ ထုတ်ပြန်ချက်ကို တရုတ် ၊ အင်္ဂလိပ် ၊ မြန်မာ ၃ ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် သမ္မတနှင့် တရုတ်ပြည်သူသမ္မတ စစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည့် သမ္မတရှီကျင့်ဖျင်အပါအဝင် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည့်  မစ္စတာ ဝမ်ချီရှန်း ၊ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့် မစ္စတာလီခေးချန်တို့အား FPNCC မှ အထူးဂုဏ်ယူကြိုဆိုကြောင်း ရေးသားထားသည်။

"မိမိတု့ိသည် တရုတ်နိုင်ငံကို ပိုမိုဖွံ့ဖြိုးအားကောင်းလာစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေမည့် နိုင်ငံရေး ဦးဆောင်မှုဖြစ်သည့် ရှီကျင့်ဖျင် အတွေးအခေါ်ကို ခေတ်နှင့် လျော်ညီသည့် နိုင်ငံရေးအတွေးအခေါ်အဖြစ် ကြိုဆိုသည်" ဟု FPNCC က ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကို UWSA 'ဝ' အဖွဲ့ က ဥက္ကဋ္ဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ၊ ရက္ခိုင့်အဖွဲ့ AA ၊ တအာဝ်းအဖွဲ့ TNLA ၊ မိုင်းလားအဖွဲ့ NDAA ၊ ကိုးကန့် အဖွဲ့ MMDAA ၊ ဝအမျိုးသားအစည်းအရုံး WNO တို့ ပါဝင်သည် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags