အဖွဲ့လိုက်ဖျော်ဖြေမှုများကို အချိန်အတော်ကြာရပ်နားထားတော့မည့် Fifth Harmony အဖွဲ့

အဖွဲ့လိုက်ဖျော်ဖြေမှုများကို အချိန်အတော်ကြာရပ်နားထားတော့မည့် Fifth Harmony အဖွဲ့

အမေရိကန်နာမည်ကြီး အမျိုးသမီးဂီတအဖွဲ့ဖြစ်သော Fifth Harmony မှ အဖွဲ့ဝင်များသည် တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုများကို အသီးသီးအာရုံစိုက်၍ လုပ်ကိုင်တော့မည်ဖြစ်သောကြောင့် အဖွဲ့လိုက်ဖျော်ဖြေမှုများ ကို အချိန်အတော်ကြာအောင် ရပ်နားထားတော့မည်ဟု ကြေညာခဲ့သည်။

ပရိသတ်များကိုအသိပေးခဲ့သော Fifth Harmony ၏ တွစ်တာမှ သတင်းစကားထဲ၌ ၎င်းတို့၏ အဖွဲ့ဝင်များသည် မတူညီသော လမ်းကြောင်းအသီးသီးပေါ်သို့   လျှောက်လှမ်းကြတော့မည်ဟု ဖော်ပြထားခဲ့သည်။

“ကျမတို့ဟာ ဖန်တီးနိုင်စွမ်းတွေမြင့်တက်လာဖို့နဲ့ တစ်ဦးချင်းအလိုက် လမ်းကြောင်းအသီးသီးကိုရှာဖွေဖို့ အချိန် ကျရောက်လာပြီဖြစ်ပြီး ဒီအတွက်လည်း စိတ်လှုပ်ရှားဝမ်းသာမိပါတယ်” ဟု ၎င်းတို့၏တွစ်တာ၌ ဖော်ပြထား သည်။

ယင်းသို့ အဖွဲ့ကိုအချိန်အတော်ကြာအောင် ရပ်နားထားမည်ဖြစ်သော်လည်း အဖွဲ့ဝင်အသီးသီးသည် အတွေ့အကြုံအသစ်များကို Fifth Harmony အဖွဲ့ထံသို့ ပြန်လည်ယူဆောင်လာမည်ဟု ကတိပေးခဲ့ကြသည်။

ဒါ့အပြင်အဖွဲ့ကို အချိန်မည်မျှကြာအောင် ရပ်နားထားမည်ဟု အတိအကျဖော်ပြခဲ့ခြင်းမရှိသော်လည်း ၂၀၁၈ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိနေသေးသောရှိုးပွဲများကို သေချာပေါက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပရိသတ်များ အား ကတိပေးခဲ့သည်။

ကနဦးက အဖွဲ့ဝင် ၅ဦးရှိသည့် Fifth Harmony အဖွဲ့သည် အမေရိကန် X Factor အစီအစဉ်မှ ပေါ်ထွက်လာ ခြင်းဖြစ်ပြီး ၎င်းတို့၏ကြေညာချက်အပေါ် ပရိသတ်များအနေဖြင့် အထူးတလည် စိတ်ထိခိုက်တုန်လှုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၂၀၁၆ခုနှစ် ဒီဇင်ဘာလက အဖွဲ့ဝင်ဟောင်းဖြစ်သူ အဆိုတော်မလေး ကာမီလာကာဘယ်လို Fifth Harmony အဖွဲ့မှ ထွက်ခွာသွားစဉ်ကတည်းက ပရိသတ်များအနေဖြင့် ယခုလို နေ့ရက်မျိုးရောက်ရှိလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ခြင်းကြောင့်ဖြစ်သည်။

ကာမီလာသည် အဖွဲ့မှထွက်ခွာပြီးနောက် တစ်ကိုယ်တော်အနုပညာလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး သူမ၏ သီချင်းဖြစ်သော Havana သည် သြစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်တို့တွင် အထူးအောင်မြင်ခဲ့ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required