ပြဿနာဖြစ်ပွားနေသော ငါးကျီးဆည်ကွင်းနေရာအား တိုင်းအစိုးရမှ ကွင်းဆင်းစစ်ဆေးမည်

ပြဿနာဖြစ်ပွားနေသော ငါးကျီးဆည်ကွင်းနေရာအား တိုင်းအစိုးရမှ ကွင်းဆင်းစစ်ဆေးမည်

မတ်လ ၂၀ ။               ။ ဧရာဝတီတိုင်းဒေသကြီး ၊ပန်းတနော်မြို့နယ်၊ကညင်ကုန်းကျေးရွာအုပ်စုရှိ ငါးကန်ပိုင်ရှင်နှင့်ဒေသခံရေလုပ်သားတို့အကြား ပြဿနာဖြစ်ပွားသည့် ငါးကျီးဆည်ကွင်းနေရာအား တိုင်းအစိုးရမှ ကွင်းဆင်းစစ်ဆေးမည်ဟု တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောသည်။

အဆိုပါနေရာအား တိုင်းအစိုးရအဖွဲ့ ကွင်းဆင်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းပြီး မတ်လအတွင်း တိုင်းတာမှုများပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။

"ဒေသခံရေလုပ်သားတွေ တင်ပြသလို ငါးကန်လုပ်ငန်းရှင်အနေနဲ့ သူသတ်မှတ်ထားတဲ့ ဧရိယာ၊ အမှန်တကယ် အဝန်းအဝိုင်းအတွင်းမှာပဲ ကန်ဘောင်တွေပြင်တဲ့လုပ်ငန်းတွေပြင်နိုင်အောင်၊ တစ်ဘက်က ရေလုပ်သားတွေလုပ်ကိုင်စားသောက်တဲ့ အင်းချောင်းနယ်နိမိတ်တွေကို မထိခိုက်အောင် အငြင်းမပွားရအောင်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အဖွဲ့နဲ့ ကွင်းဆင်းအဖွဲ့နဲ့ စစ်ဆေးပြီးတော့ အဖြေ ရှင်းလင်းနှစ်ဖက်သိရအောင် ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ အဖွဲ့ ဖွဲ့ထားပြီးဖြစ်ပါတယ်၊ဒီလထဲမှာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးပြီး တဘက်နဲ့တဘက်အငြင်းပွားမှုတွေမဖြစ်အောင်ဆောင်ရွက်ပေးသွားမည်”ဟု စိုက်ပျိုးမွေးမြူးရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ကညင်ကုန်းကျေးရွာအုပ်စု ငါးကျီးဆည်ကွင်းအတွင်း ငါးကန်တူးသည့်လုပ်ငန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ရာမှာ ရေလုပ်သားများနှင့် ငါးကန်ပိုင်ရှင်ဦးဉာဏ်လင်းတို့ ပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းနေရာမှာ တိုင်းဒေသကြီးအစိုးရမှ  ဒေသန္တရအမိန့်ထုတ် တားမြစ်ထားသည့်နေရာဖြစ်ကြောင်း ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးကပြောသည်။

လက်ရှိတွင် ပန်းတနော်မြို့မရဲစခန်း၌ ဦးဉာဏ်လင်းက ရေလုပ်သားများအား အမှုဖွင့်တိုင်ကြားရာ ပန်းတနော်မြို့မရဲစခန်းတွင် ပနံပါတ်၁၀၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၉၄၊၃၃၆၊၄၄၇၊၄၂၇၊၅၀၆၊၃၂၃၊၁၂၄တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required