၂၀၁၈ ကမ္ဘာ့ဖလားက အားဂျင်တီးနားအသင်းနဲ့ အောင်မြင်မှုရဖို့ နောက်ဆုံးအခွင့်အရေးလို့ ဝန်ခံပြောဆိုသွားတဲ့ မက်ဆီ

၂၀၁၈ ကမ္ဘာ့ဖလားက အားဂျင်တီးနားအသင်းနဲ့ အောင်မြင်မှုရဖို့ နောက်ဆုံးအခွင့်အရေးလို့ ဝန်ခံပြောဆိုသွားတဲ့ မက်ဆီ
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိ အသင်းသားတိုင်းအတွက် ကမ္ဘာ့ဖလားဆု ဆွတ်ခူးဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ပြီး သူဟာ ဆုဖလားမရရှိခဲ့ရင် နိုင်ငံလက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်ရဖွယ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု များစွာ ရရှိခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှာ အလားတူအောင်မြင်မှုမျိုး မရရှိသေးပါဘူး။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ အဓိကနိုင်ငံတကာပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ သုံးကြိမ်ဆက်ဖြစ်တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိကဖလားတွေမှာ ကျရှုံးခဲ့ပြီး ကြေကွဲခဲ့စားခဲ့ရပါတယ်။

“ဗိုလ်လုပွဲတွေလိုမျိုးမှာ ရှုံးခဲ့တုန်းက အကြိမ်ကြိမ် ငိုကြွေးခဲ့ရတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အိမ်မက်ဖြစ်တဲ့ အောင်မြင်မှုမျိုးကို လုပ်မပေးနိုင်တဲ့အတွက် ကျနော် အရမ်းဝမ်းနည်းမိတယ်”လို့ မက်ဆီက အာဂျင်တီးနား ရုပ်သံအစီအစဉ် "La Cornisa" မှာ ပြောပြခဲ့ပါတယ်။

“ဗိုလ်လုပွဲ သုံးကြိမ်စလုံး ရှုံးနိမ့်ခဲ့တယ်။ ဗိုလ်ပွဲ သုံးကြိမ်ရောက်ရှိခဲ့ပြီးမှ ဒါက ဘာနဲ့တူသလဲဆို နောက်ဆုံးမှာ ကျနော်တို့ကို ဖလားတွေရရှိအောင်လည်း မကူညီနိုင်ခဲ့ပြန်ဘူး။”လို့ မက်ဆီက ပြောပါတယ်။

“ရုရှားကမ္ဘာ့ဖလားကို မဆွတ်ခူးနိုင်ခဲ့ရင် တစ်ခုတည်းနည်းလမ်းက နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို စွန့်လွတ်ဖို့ပဲ ဖြစ်လာလိမ့်မယ်။ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ကိုင်မြှောက်ချင်မိပါတယ်။ ဒါက ကျနော့်ရဲ့ အမြဲတမ်း မက်နေတဲ့ အိပ်မက်ပါ။ ကျနော့်ရဲ့ ဆန္ဒက ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကနဲ့ တူချင်တူမှာပါ။”

“ကမ္ဘာ့ဖလား ဆွတ်ခူးဖို့ဆိုတာ မလွယ်ကူးပါဘူး။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ဆိုတာ အကြိမ်တိုင်းဖြစ်မလာလို့ပါ။ ခင်ဗျားဟာ အရာတိုင်း ကောင်းအောင် လုပ်နိုင်ခဲ့ပြီးနောက် ကျရှုံးပြန်တယ်။ ဘရာဇီးတုန်းက အာဂျင်တီးနားလိုမျိုးပေါ့”လို့ မက်ဆီက သူ့ရဲ့အသင်းက ဂျာမနီအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီနွေရာသီမှာ အသက် ၃၁ နှစ်ထဲရောက်တော့မယ့် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၁၂၃ ပွဲကစားပေးထားရာ ၆၁ ဂိုး သွင်းယူထားပြီး သူ့ရဲ့ ကစားသမားသက်တမ်းအတွင်းမှာ အသင်းဟာ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ ဆုဖလား ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၈ ကမ္ဘာ့ဖလားဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်လာဖွယ်ရှိပါတယ်။

အာဂျင်တီးနားအသင်းဟာ ဇွန်လမှ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ အိုက်စလန်၊ ခရိုအေးရှားနဲ့ နိုင်ဂျီးရီးယားအသင်းများနဲ့ အုပ်စု (D) မှာ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Ref; Goal, EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags