အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ရယူရေး လွှတ်တော် အတည်ပြု

အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ရယူရေး လွှတ်တော် အတည်ပြု

 

နေပြည်တော်၊ မတ်လ ၁၉ ။               ။ မော်လမြိုင် ၊ ဘားအံနှင့် မြဝတီမြို့များတွင် ဖွံ့ဖြိုးရေးနှင့်အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ သက်သာချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ ရယူရေးကို ပြည်ထောင်စု လွှတ်တော် တွင် အတည်ပြုခဲ့သည်။

ယနေ့ မတ်လ ၁၉ရက်နေ့က ပြည်ထောင်စုလွှတ်တော်သတ္တမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ထောက်ခံမဲ ၅ ရာကျော်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစြင်္ကန်လမ်းမတစ်လျှောက်အတွင်းတွင် ကျရောက်နေသော ဘားအံနှင့် မြဝတီ၊ မမော်လမြိုင်မြို့တို့အား စီမံကိန်းဝင်မြို့များအဖြစ် သတ်မှတ်ရွေးချယ်ထားပြီး ဘားအံမြို့တွင် ၃၂သန်း၊ မြဝတီမြို့တွင် ၁ သန်းနှင့် မော်လမြိုင်မြို့တွင် ၄၇သန်း အသုံးပြုသွားမည် ဖြစ်သည်။

အဆိုပါ မြို့များကို ရွေးချယ်ရခြင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့အတန်းအစား သတ်မှတ် ချက်တွင် (ခ) အဆင့်မြို့များဖြစ်ပြီး စီးပွားရေး ၊ လူမှုရေး လမ်းပန်းဆက်သွယ်ရေး ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

အဆိုပါ မြို့သုံးမြို့တွင် သန့်ရှင်းသပ်ရေး၊ ရေကောင်းရေသန့့်ရရှိရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေးတို့ အပြင် Competitive City များ ထူထောင်ရန် ၊ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရန်၊ မြို့ပြ စီမံခန့်ခွဲမှု ဆိုင်ရာ ပိုမိုအားကောင်းစေရန် ၊ ဒေသတွင်းရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် အစရှိသည်ဖြင့် ရည်ရွယ် အကောင်ထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေ သန်း ၈၀ ဖြင့်  “ဘားအံမြို့တွင် ၃၂ သန်း၊ မြဝတီမြို့တွင် အသေးစိတ် စီမံကိန်းရေးဆွဲရေး အတွက် (၁)သန်းနှင့် မော်လမြိုင်မြို့တွင် ၄၇သန်း အသုံးပြုသွားမှာဖြစ်ပါတယ်။ မြဝတီမြို့အတွက် အဓိက လိုအပ်သော ချေးငွေကိုတော့ ထိုင်းနိုင်ငံမှ Neighboring Countries Economic Development Agency (NEDA) မှ အမေရိကန်ဒေါ်လာ ၂၄. သန်းဖြင့် ဆောင်ရွက်ရန် စီမံထားရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

၎င်းချေးငွေကို ရယူနိုင်ရန် ပြည်ထောင်စုလွှတ်တေ်ာတွင် စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲ ပေးခွင့်ရှိသူ ပေါင်း ၅၈၈ ဦးအနက် ၊ထောက်ခံမဲ ၅၅၃မဲ၊ ကန့်ကွက်မဲ ၄မဲ၊ ကြားနေမဲ၃ မဲဖြင့် ထောက်ခံဆန္ဒမဲ များသဖြင့် အထက်ပါ ချေးငွေ ရယူရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

မဟာ မဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေး စြင်္ကန်သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ စတင်ကာ လာအို နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို ဖြတ်ပြီး မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သော မြဝတီမြို့ကို ဖြတ်သန်းကာ ဘားအံမှတဆင့် မော်လမြိုင်မြို့အထိ ဆက်သွယ်ထားပြီး ယခုအခါတွင် မော်လမြိုင်မှ သထုံ-ကျိုက်ထို- ပဲခူး- ရန်ကုန်၊ ရန်ကုန်မှ တဆင့် ပုသိမ်မြို့အထိ ထပ်မံတိုးချဲ့သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါချေးငွေစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံကြီးကြပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တို့က အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် ချေးငွေကို ရယူပေးခြင်း၊ သုံးစွဲခြင်း၊ ပြန်လည်ပေးဆပ်ခြင်း ကိစ္စရပ်များအတွက် ချေးငွေစာချုပ်ချုပ်ဆို ဆောင်ရွက်ချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ညှိနှိုင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly