FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အမှု တရားလိုပြသက်သေ ၉ ဦးပယ်ချ

FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အမှု တရားလိုပြသက်သေ ၉ ဦးပယ်ချ

 

ရန်ကုန်၊ မတ်လ ၁၉ ။                 ။ FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ ၉ ဦးအား ပယ်ချလိုက်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ စစ်ဆေးရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်  ရဲစွဲချက်အရ တရား လိုပြ သက်သေ ၃၅ ဦးထိတင်သွင်းထားပြီး  ယနေ့ မတ်လ ၁၉ ရက်၊ ၅ ကြိမ်မြောက်ရုံးချိန်းနေ့ထိ တရား လိုပြသက်သေက ၁၄ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် တရားလိုပြသက်သေ ၉ ဦးအား ပယ်ချခဲ့သည့်အတွက် လက်ရှိတွင် တရားလို သက်သေ ၃၅ ဦးရှိသည့်နက် ၁၂ ဦးသာ စစ်ဆေးရန်ကျန်ရှိသည်။

“ ဒီပယ်တယ်ဆိုတာကတော့ စစ်ဆေးတဲ့နေရာမှာ သက်ဆိုင်ရာဥပဒေအရာရှိကနေပြီးတော့ ပယ်တဲ့အတွက် ကြောင့်မို့လို့ အသေးစိတ်က ကျွန်တော်တို့မသိရှိနိုင်ပါဘူး”ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၁၉ ရက်နေ့ ရုံးချိန်းတွင် သေဆုံးသူအမျိုးသမီး၏ မိသားစုဝင် များဖြစ်သည့် ဦးကျော်မျိုး၊ ကိုအောင်သူရ (ခ) ဖိုးပြည့်၊ မခိုင်ပြည့်ကျော်(ခ) မဂျူးဂျူးတို့ ၃ ဦးနှင့် သေဆုံးသူ အမျိုးသမီးနှင့် ပတ်သက်ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းရာတွင် သက်သေအဖြစ် ပါဝင်ခဲ့သူ ရာအိမ်မှူး ဦးမြတ်ထွန်းနှင့် ရုပ်အလောင်းအား သွားရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သူ ရဲတပ်ကြပ်ကြီး သက်နိုင်တို့ ၂ ဦး၊ စုစုပေါင်း ၅ ဦးကို တရားလိုပြသက်သေများအဖြစ်စစ်ဆေးခဲ့သည်။

“ မျိုးဇော်ဦးပြောဆိုချက်အရ သူက ချွတ်ပြီးထားခဲ့တာ မလုပ်ပါဘူးတဲ့။ သူထားခဲ့စဉ်က စကပ်နဲ့ အကီၤျနဲ့ ပက် လက်အနေအထား ထားခဲ့တာတဲ့။ မျိုးဇော်ဦးက သူတို့ ရန်ဖြစ်ကြတယ်။ လက်လွန်သွားတယ်။ ကားကို ရွှေတိဂုံ ဘုရားနားထိအောင် မောင်းသွားခဲ့တယ်။ အဲ့ဒီချိန်ထိ ကောင်မလေးအသံကိုကြားတယ်။ မသေသေးတော့ သူ့ကို ဆေးကုရမယ်ဆိုပြီး မြောက်ဒဂုံပင်လုံဆေးရုံဘက်ကို မောင်းသွားတယ်။ အဲ့နားကျတော့ ရဲကင်းတွေ စစ်ဆေး နေတဲ့အတွက် ကွေ့ပြီးတော့ ဘုရင့်နောင်နားကနေပြီးတော့ ငါးမာန်အောင်ဘုရားဘက် မြောက်ဒဂုံ ၃၃ ရပ်ကွက် ဘက်ကို လှည့်မောင်းသွားပြီး ထားပစ်ခဲ့တာလို့  အဲ့လိုသူက ညွှန်ကြားချက်ပေးထားတယ်”ဟု မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက လာမည့် မတ်လ ၂၆ ရက်နေ့ကို ထပ်မံချိန်း ဆိုလိုက်ပြီး အဆိုပါ ရုံးချိန်းနေ့တွင် မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်အပါအဝင် တရားလိုပြသက်သေ ၆ ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ (မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ် ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေး ထွက် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန် တွင် သက်သေခံပစ္စည်းဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲ စခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပတ္တမြားလမ်း၊ (၃၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် တက္ကစီယာဉ်မောင်း မျိုးဇော်ဦးဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင် ၄ ခရိုင်ပူးပေါင်းပြီး စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly