ပြည်သူနှင့်ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးအရှိန်မြှင့်ရန် အစိုးရအား တိုက်တွန်းအဆို အောင်မြင်

ပြည်သူနှင့်ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးအရှိန်မြှင့်ရန် အစိုးရအား တိုက်တွန်းအဆို အောင်မြင်

 

မုံရွာ၊ မတ် ၁၉။            ။ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်း၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်းအဆိုအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၁၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုအောင်မြင်ခဲ့သည်။

ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူမှ မတ်လ ၁၅ ရက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၊ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၉) ရက် မြောက်နေ့က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၉ ရက်ကကျင်းပသော စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၁)ရက်မြောက်နေ့တွင် ထောက်ခံဆွေးနွေးသူ (၁၄)ဦး၊ ကန့်ကွက်ဆွေးနွေးသူ (၂)ဦး၊ အကြံပြု ဆွေးနွေးသူ (၄)ဦးတို့ဖြင့် လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးကဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ် ၈၆ ဦးက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တက်ရောက်လာသူလွှတ်တော်ကိုယ်စားလှယ် (၈၆)ဦး ရှိသည့်အနက် ထောက်ခံဆန္ဒမဲပေးသူ (၆၁)မဲ၊ ကန့်ကွက်ဆန္ဒမဲပေးသူ (၁၇)ဦး၊ ကြားနေဆန္ဒမဲပေးသူ (၇)ဦး၊ ပယ်မဲ(၁)မဲ တို့ အသီးသီးရရှိခဲ့ကြခြင်းဖြစ်ပြီး အဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။

"အဆိုရှင်က တင်တဲ့အဆိုထဲမှာကိုက မကွဲမပြားတင်ထားတာ။ ကြိုတင်ကာကွယ်ရေး အပိုင်းလား ဖမ်းဆီး နှိမ်နင်းရေးအပိုင်းလား ဆိုပြီး နှစ်ပိုင်းက ရောထွေးနေတယ်။ ဒီတိုင်းရောထွေးနေတဲ့ အတွက် ကန့်ကွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။" ဟု ကန့်ကွက်ဆွေးနွေးခဲ့သူ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။

"ကြိုတင်ကာကွယ်ရေးအပိုင်းဖြစ်တဲ့ အသိပညာပေး ဟောပြောခြင်း၊ စည်းရုံးခြင်း ကိစ္စတွေမှာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်လို့ရတယ်။ ဖမ်းဆီးနှိမ်နင်းရေးအပိုင်းမှာကျတော့ ပြည်သူပါဝင်လို့ မရတော့ဘူး။ ပြည်သူတွေကိုယ်တိုင်ဝင်ရောက်ဖမ်းဆီး လို့ မရတဲ့ဥပဒေတွေရှိနေတယ်။ ပြည်သူအချင်းချင်း ရန်တိုက်ပေးသလိုဖြစ်နေတယ်။ အရင်အစိုးရတုံးက အခြေအနေတွေပြန်ကြည့်ရင် ပြည်သူကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးလို့မရတဲ့အခြေအနေတွေမှာ ပြည်သူဆိုပြီးဝင်ဖမ်းတယ်။ လက်ပတ်နီတွေ၊ စွမ်းအားရှင်တွေဆိုပြီးဖြစ်လာတယ်။ သူတို့နဲ့အတူ အစိုးရကိုပါ ပြည်သူကအမြင်မကြည်တာတွေ ရှိလာတယ်။ နောက် ပြည်သူနဲ့အတူပူးပေါင်းပြီး ဖမ်းဆီးနှိမ်နင်းတဲ့အခါမှာ ပူးပေါင်းပါဝင်တဲ့ပြညိသူရဲ့ လုံခြုံရေးကို ဘယ်သူကတာဝန်ယူမှာလဲ။ ဒါတွေကိုလည်း ပြန်လည်စဉ်းစားကြဖို့လိုတယ်။" ဟု ဒေါက်တာသိန်းနိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ခရိြင်ပေါင်း (၉) ခရိုင်နှင့် မြို့နယ်ပေါင်း (၃၇)မြို့နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required