အခွန်မလျော့လျှင် မတ်လကုန်တွင် ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်း တစ်ဝက်ခန့် ရပ်တန့်နိုင်ဟုဆို

အခွန်မလျော့လျှင် မတ်လကုန်တွင် ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်း တစ်ဝက်ခန့် ရပ်တန့်နိုင်ဟုဆို

ရန်ကုန်၊ မတ် ၁၉ ။                ။ အခွန်လျော့ပေါ့သက်သာခွင့် မပေးပါက မတ်လကုန်အချိန်တွင် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ဝက်ခန့်ရပ်တန့်သွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံဆောက်လုပ်ရေးကဏ္ဍ   လေ့လာမှုအစီအစဉ်(AMCS) တာဝန်ခံ ဦးဇော်ရဲဝင်း ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအပါအဝင် ဆန်စက်၊ စက်မှုဇုန် နှင့် မော်တော်ကား လုပ်ငန်းရှင်များက  "အခွန်လျော့ပေါ့သက်သာခွင့်မပြဌာန်းမှုကြောင့် ဆင့်ကဲဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ"ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

မတ်လ ၁၅ရက်နေ့က နေပြည်တော် လွှတ်တော်ပြည်ထောင်စုဥပဒေကြမ်းပူးပေါင်းကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် အခွန်လျော့ချပေးခြင်းကို ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် မထည့်သွင်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ငန်းရှင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အခုမတ်လကုန်မှာစပြီးတော့တစ်ချို့လုပ်ငန်းတွေရပ်ကြတော့မှာ။ အဲဒီမှာစအလုပ်ပြုတ်မှာ။အဲဒါကိုအရမ်းအရေးကြီးလို့ ဒီဧပြီလတစ်ရက်နေ့မှာဒီဟာပါသင့်တယ် ။ ဒီဟာကိုစလျော့ရင်အရောင်းအဝယ်တွေပြန်လည်လာရင် ရပ်စရာမလိုဘူးပေါ့ ။ အခုကသေချာပြီမပါတော့ဘူးဆိုတော့ ရပ်ကိုရပ်ရတော့မယ်။ ဒီဟာကြီးတော့ရပ်ရတော့မယ်ဆိုပြီး လကုန်ရင်လုပ်ငန်းတွေက ကိုယ့်အလုပ်သမားတွေကိုကြေငြာကြရတော့မှာ"ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးကဏ္ဍလေ့လာမှုအစီအစဉ်(AMCS) ၏ တာဝန်ခံ ဦးဇော်ရဲဝင်း ပြောသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းနှစ်သောင်းခန့်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီး၊ လုပ်ငန်းငယ်များ၏ တစ်ဝက်ခန့်သာအလုပ်လုပ်နေသဖြင့် ထပ်တိုးဆောက်လုပ်ရေးလုပ်ငန်းပမာဏ ငါးထောင်ခန့်ရပ်ဆိုင်းနိုင်သည်ဟု ဦးဇော်ရဲဝင်း ဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်မှုမကြီးမားနိုင်သော်လည်း အောက်ခြေဝန်ထမ်းများ၏ စားဝတ်နေရေးကို ထိခိုက်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော်လည်း အခွန်အကောက်လျော့ချသည်မှာ တစ်ခုတည်းသောအဖြေမဟုတ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၏ ဥက္ကဌ က ပြောသည်။

"အခွန်အကောက်လျော့ချဖို့အချက်အလက်လည်းပါတယ်။ အခွန်အကောက်လျော့ချလိုက်လည်း အာလုံးဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အခွန်အကောက်လျော့ချဖို့အချက်ပါတယ်။ ဒါကတော့စဉ်းစားဖို့သင့်တယ်   နောက်တစ်ခြားအချက်တွေလည်းရှိတာပေါ့။အစိုးရအနေနဲ့ပရောဂျက်တွေအကောင်အထည်ပေးတာပေါ့နော်"ဟု မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၏ ဥက္ကဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

 "ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဘဏ်ချေးငွေတွေနဲ့လည်ပတ်ကြတယ် ။ ဒါပေမယ့်လည်းတစ်ဘက်ကအိမ်ခြံမြေလောကမကောင်းမွန်တဲ့အတွက် တိုက်ခန်းတွေကွန်ဒိုတွေမရောင်းထွက်နိုင်ဘူး။ ကြားထဲမှာလုပ်ငန်းတွေလည်ပတ်သင့်သလောက်မလည်ပတ်ဘဲနဲ့နှောင့်နှေးကြန့်ကြာမှုတွေအများဆုံးဖြစ်ရတယ်။ အဲဒီအခြေအနေမှာပထမဆုံးထိတာက အခြေခံလူတန်းစားပေါ့နော်။ ဆောက်လုပ်ရေးလုပ်ငန်းမှာဝင်လုပ်နေတဲ့ အုပ်သယ်ကျောက်စီ ပရံ အလုပ်သမားလေးတွေကအစ ကျွန်တော်တို့အဆုံးပေါ့နော်"ဟု I Myanamar House.com မှ စီအီးအိုနှင့် တည်ထောင်သူ ဦးနေမင်းသူ က ပြောသည်။

၂၀၁၇ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သော ငွေကြေးများကို အခွန် ၁၅ရာခိုင်နူန်းမှာ ၃၀ရာခိုင်နူန်းအကြား ကောက်ခံခဲ့သည်။

သို့သော် ယခု၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၌ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ငွေကြေးများကို ပထမခြောက်လပတ်တွင် ၃ရာခိုင်နူန်း၊ ဒုတိယခြောက်လပတ်တွင် ၅ရာခိုင်နူန်းအခွန်ဆောင်လစဉ် တရားဝင်ငွေကြေးအဖြစ် ပြောင်းလဲနိုင်သည်ကို ၂၀၁၈ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ (က) နှင့် (ခ)တွင် ထည့်သွင်းထားသည်။

၎င်းဥပဒေပုဒ်မကို မတ်လ ၁၅ရက်နေ့ နေပြည်တော်၌ပြုလုပ်သည့် ဥပဒေမူကြမ်းပူးပေါင်းကော်မတီအစည်းအဝေးတွင် အခွန်ရှောင်သူများထွက်ပေါက်မဖြစ်စေရန်၊ ငွေကြေးခဝါချသူများ၊   ငွေဖြူငွေမဲပြုလုပ်သူများအတွက် အခွင့်အရေးမဖြစ်စေရန် ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် မထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly