အစားအသောက်များတွင် "FDA ထောက်ခံချက်ရရှိပြီး" စာတန်းများ ထည့်သွင်းမည်

အစားအသောက်များတွင် "FDA ထောက်ခံချက်ရရှိပြီး" စာတန်းများ ထည့်သွင်းမည်

ရန်ကုန် မတ် ၁၈ ။          ။ မြန်မာနိုင်ငံတွင် တရားဝင်ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များတွင် "FDA ထောက်ခံချက်ရရှိပြီး" ဟူသည့် စာတန်းများထည့်သွင်းပြီး ယင်းစာတမ်းပါသည့် ကုန်ပစ္စည်းများသည် စိတ်ချရကြောင်း FDAကလည်း ကြေညာပေးသွားမည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးတွင် ပြုလုပ်ခဲ့သည့် အစားအသောက်များတွင် ဓါတု ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာ ပေးဟောပြောပွဲအပြီးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

" မကြာခင်ကာလမှာ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကလည်း လမ်းညွှန်ထားတာရှိပါတယ်၊ ကုန်သည်ကြီးများ နဲ့ စက်မှုလက်မှုအသင်းနဲ့ ညှိပြီးပါပြီ၊ ထုတ်လုပ်သူတွေ နဲ့၊ ကျွန်တော်တို့တိုင်းပြည်ထဲမှာ ထုတ်လုပ်နေတဲ့အစား အသောက်တွေ တရားဝင်ထုတ်တဲ့အစားအသောက် တွေ၊ တရားဝင်သွင်းတဲ့ အစားအသောက်တွေ အဲဒီမှာ ပါလာပါ့မယ်၊ "FDA ထောက်ခံချက်ရရှိပြီး" ဆိုတဲ့ စာသား ပါလာမှာပါ" ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

ထို့အပြင် ယင်းအစီစဉ်သည် စားသုံးသူမိဘတွေအတွက် ရွေးချယ်ရ လွယ်ကူစေနိုင်သလို ကုန်ပစ္စည်းထုတ်လုပ် သူများအတွက်လည်း ကြော်ငြာပေးသလိုဖြစ်သွားပြီး အားလုံး ပူးပေါင်းပါဝင်နိုင်မည်ဟု ဒေါက်တာသန်းထွဋ်က ဆက်ပြောသည်။

"အဲဒါဟာ စားသုံးသူမိဘတွေအတွက် လွယ်အောင် လုပ်ပေးတာပါ၊ အဲဒီစာသားပါလာရင် ကြေညာချက်တွေ ထုတ်ပေးမယ်၊ မိဘပြည်သူများခင်ဗျာ၊ အဲဒီစာသားပါတဲ့ ဟာကို များများအားပေးကြပါ၊ အဲဒါသည် စိတ်ချရပါတယ်၊ ဆိုရင် သူ့အတွက် ပရိုမိုးရှင်းပါ ရသွားမယ်၊ ကျန်တဲ့ သူက မပါတဲ့အတွက် အရောင်းကျ သွားမယ်၊ အတင်းကြီး၊ အမိန့်ကြီးနဲ့ ကျွန်တော်တို့ အတင်းမလုပ်ဘူး၊ သူတို့ ရဲ့ စိတ်ပါဝင်စားစွာ ပါဝင်လာအောင် ဆွဲဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။

ယင်းအစီအစဉ်ကို မကြာခင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး လုပ်ငန်းစဉ်များကိုလည်း အားလုံးပါဝင်သည့်ပုံစံတစ်မျိုး ဖြင့် လှုပ်ရှားမှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းအခမ်းအနားသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ယခုနှစ် အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ ခြင်း၊ ပညာပေးတေးသီချင်းများ သီဆိုခြင်းနှင့် လက်ရှိ အစားအသောက်များနှင် နေထိုင်စားသောက်မှုပုံစံတွင် ဓါတုဘေးအန္တရာယ်များ ပါဝင်နေကြောင်း ကျန်းမာရေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly