ဘင်္ဂါလီအရေးကိစ္စအား ဖြေရှင်းရန်နှင့် တောင်တရုတ်ပင်လယ်တည်ငြိမ်ရေး အာဆီယံခေါင်းဆောင်များ ဆွေးနွေး

ဘင်္ဂါလီအရေးကိစ္စအား ဖြေရှင်းရန်နှင့် တောင်တရုတ်ပင်လယ်တည်ငြိမ်ရေး အာဆီယံခေါင်းဆောင်များ ဆွေးနွေး

 

ဆစ်ဒနီ၊ သြစတြေးလျ၊ မတ် ၁၈ ။            ။  သြစတြးလျနိုင်ငံနှင့် အာဆီယံအိမ်နီးချင်းနိုင်ငံများသည် ဆစ်ဒနီ၌ တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်သော ထိပ်သီး စည်းဝေးပွဲ၌ အငြင်းအခုံဖြစ်နေသော   တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးပုံစံသွင်းခြင်းမပြုရန်အရေးပါ ကြောင်းကို အလေးပေးပြောဆိုခဲ့ပြီး ကာကွယ်ရေးဆောင်ရွက်ချက်များကို အရှိန်မြှင့်တင်လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုခဲ့ကြသလို ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပက်သက်၍လည်း ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှ ခေါင်းဆောင်များသည် ဆစ်ဒနီ၌ကျင်းပသည့် သုံးရက်တာထိပ်သီးစည်းဝေး ပွဲအတွင်း အစွန်းရောက်အကြမ်းဖက်မှုများနှင့် အစွန်းရောက်ဝါဒအန္တရာယ်များ   မြင့်တက်လာမှုကို ကိုင်တွယ် ဖြေရှင်းသွားနိုင်ဖို့ ပိုမိုနီးကပ်စွာ အားစိုက်လုပ်ဆောင်ကြမည်ဟုလည်း သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်း၌ စစ်တပ်၏နှိမ်နင်းဖြိုခွင်းမှုများကြောင့် ဘင်္ဂါလီမွတ်စလင် ၇ သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကမ္ဘာ့ကုလသမဂ္ဂကလည်း ယင်းလုပ်ရပ်အား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မှတ်ယူလျက်ရှိသည်။

ဆစ်ဒနီသို့ရောက်ရှိနေသာ မြန်မာနိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းစွပ်စွဲချက် များအားလုံးကို ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့သည်။

“ယနေ့မှာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေအရပ်ရပ်နဲ့ပက်သက်လို့ အတိုင်းအတာတစ်ခုအထိ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စနဲ့ပက်သက်လို့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုခဲ့ပါတယ်” ဟု သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်က ပြောခဲ့သည်။

ဆက်လက်ပြီး သူက “ဒါဟာအရမ်းကိုရှုပ်ထွေးတဲ့ ပြသနာတစ်ခုပါပဲ။ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို အားလုံးက ရပ်တန့်ပစ်ချင်နေကြပါတယ်” ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ယခုဖြစ်ပျက်နေသည့်ပြသနာသည် အာဆီယံနိုင်ငံများအားလုံး အတွက် စိုးရိမ်စရာဖြစ်နေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကျိုးရလာဒ်တစ်ခု ထွက်ပေါ်လာ အောင် တွန်းအားပေးပြီး ကြားဝင်စွတ်ဖက်ဖို့ မတတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး တရုတ်အစိုးရဘက်မှ ကျွန်းအတုများကိုတည်ဆောက်ပြီး စစ်စခန်းများချထားသည့်အတွက် ဒေသတွင်းခေါင်းဆောင်များကြား စိုးရိမ်စရာကိစ္စကြီးတစ်ခုဖြစ်သော တောင်တရုတ်ပင်လယ်အရေးနှင့် ပက်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ယင်းအငြင်းပွားဖွယ်ရာကိစ္စထဲတွင် အသံအကျယ်ဆုံးစောဒကတက်နေပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော သမ္မတရိုဒရီဂိုဒူတာတေး၏ ဖိလစ်ပိုင်နိုင်ငံကမူ အနည်းငယ်နှုတ်ဆိတ် လျက်ရှိသည်။ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း ယင်းကိစ္စနှင့်ပက်သက်၍ အသီးသီးပြောဆိုဆွေးနွေး ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly