ရခိုင်အရေးအတွက် သိန်း ၅၀၀ လှူဒါန်းခဲ့သော မဘသမှ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အား တိုင်းအစိုးရက ဂုဏ်ပြုလွှာ ဆပ်ကပ်

ရခိုင်အရေးအတွက် သိန်း ၅၀၀ လှူဒါန်းခဲ့သော မဘသမှ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အား တိုင်းအစိုးရက ဂုဏ်ပြုလွှာ ဆပ်ကပ်
ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ

ရန်ကုန် မတ် ၁၈ ။       ။ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဒေသခံရခိုင်ပြည်သူများအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီး ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည့် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်ဟု  မဘသမှ အမည်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတ (ဗဟို) မှ အတည်ပြုပြောသည်။

မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ်အတွက် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဦးဆောင်ဆရာတော် ဒေါက်တာ ဥတ္တမသိရီနှင့် ဒေါက်တာအရှင်တေဇနိယတို့အား ဂုဏ်ပြုလွှာများ ဆပ်ကပ်ခဲ့သည်။

 “ရခိုင်ဒေသကို ကျွန်တော်တို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ အခြေအနေမှာ အဖွဲ့အစည်း ပေါင်းစုံ၊ ဘာသာပေါင်းစုံကြားမှာ ညီညီညွတ်ညွတ်နဲ့ ပြည်သူတွေရဲ့ အကူအညီပေးမှုနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ဆောင်ရွက်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဆောင်ရွက်ခဲ့မှုမှာ အခု တက်ရောက် လာကြတဲ့ အလှူရှင်တွေအားလုံးဟာ တစ်ထောင့်တစ်နေရာကနေ ဝင်ပြီးကူညီပေးခဲ့မှုကြောင့် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ နိုင်ငံတကာကို ပြသနိုင်ခွင့်ရပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အကူအညီနဲ့ပဲ ဒီဒေသက ဒုက္ခသည်တွေကို ကူညီနိုင်ခဲ့ပါတယ်။ မြန်မာပြည်သူလူထုကို မြန်မာပြည်သူ လူထုတွေကပဲ ကူညီနေ တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အခြားနိုင်ငံတွေက အကူအညီပေးမှ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခု မဟုတ်ဘူးဆိုတာ လက်တွေ့ပြသနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ပြောခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွက် ကျပ် ၅ သိန်းမှ စတင်လှူဒါန်ခဲ့ကြသည့် အလှူရှင် ၈၀ ကျော်အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုလွှာပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly