ရုရှား၌သမ္မတရွေးကောက်ပွဲကျင်းပနေပြီး လေးကြိမ်မြောက် အရွေးချယ်ခံရရန် ပူတင်အလားအလာကောင်း

ရုရှား၌သမ္မတရွေးကောက်ပွဲကျင်းပနေပြီး လေးကြိမ်မြောက် အရွေးချယ်ခံရရန် ပူတင်အလားအလာကောင်း

 

မော်စကို၊ ရုရှား၊ မတ် ၁၈ ။                  ။ ရုရှားနိုင်ငံ၌ တနင်္ဂနွေနေ့တွင် သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှုများပြုလုပ်လျက်ရှိနေပြီး လက်ရှိသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ရုရှားသမ္မတရာထူးကို လေးကြိမ်မြောက် ဆက်လက်ရယူသွားနိုင်ရန် အလားအလာ ကောင်းလျက်ရှိသည်။

ရုရှားနိုင်ငံ၏ အချိန်ဇုန် ၁၁ ခုနှင့်အညီပြုလုပ်နေသည့် ရွေးကောက်ပွဲမဲပေးမှုအတွက် မဲရုံများကို ရုရှားအရှေ့ တောင်ပိုင်း၌ ဒေသစံတော်ချိန် စနေနေ့ညနေ ၂၀း၀၀ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကာလီနင်ဂရက်မြို့၌ တနင်္ဂနွေနေ့ ညနေ ၁၈း၀၀ နာရီခန့်တွင် နောက်ဆုံးထား၍ မဲရုံပိတ်မည်ဖြစ်သည်။

ပူတင်၏အဓိကပြိုင်ဘက်တစ်ဦးဖြစ်သော အလက်ဇီနေဗယ်နီသည် အချို့သောတရားရေးရာကိစ္စများကြောင့် ရုရှားသမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိသည့်အတွက် ယခုရွေးကောက်ပွဲရလာဒ်မှာ အလွန်ခန့်မှန်းရ လွယ်ကူနေပြီး ပူတင်အနေဖြင့် သမ္မတရာထူးကို လေးကြိမ်မြောက်လုပ်ကိုင်ခွင့်ရရှိဖို့ ရေပန်းစားလျက်ရှိသည်။

ပူတင်သည် သမ္မတတစ်ဦးအဖြစ်ရော၊ ဝန်ကြီးတစ်ဦးအနေနှင့်ပါ ရုရှားနိုင်ငံကို ၁၈ နှစ်ခန့် ဦးဆောင်အုပ်ချုပ်ခဲ့ပြီး နောက် သူ့အနေဖြင့် ပင်ပန်းနွမ်းနယ်လျက်ရှိပြီဟု   လေ့လာဆန်းစစ်သူများက ပြောဆိုနေကြပြီး ရုရှားပြည်သူ အများအပြားမှာလည်း ယင်းရွေးကောက်ပွဲ၌ မဲပေးဖို့ စိတ်မဝင်စားကြောင်း သိရသည်။

ဂျိုးဆပ်စတာလင်ပြီးနောက် ရုရှားနိုင်ငံအား အချိန်အကြာဆုံး ဦးဆောင်အုပ်ချုပ်နေသူတစ်ဦးဖြစ်သည့် ပူတင်၏ နေရာတွင် အခြားလုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးဦးက တရားဝင်ဦးဆောင်လုပ်ကိုင်နိုင်မည့် အပြောင်းအလဲ တစ်ခု ရုရှားတို့အနေဖြင့် လိုအပ်နေပြီဟုလည်း လေ့လာဆန်းစစ်သူများက သုံးသပ်ခဲ့ကြသည်။

ပူတင်ကမူ “သမ္မတဖြစ်ဖို့သေချာမယ့် မဲအရေအတွက်ရမယ်ဆိုရင် ဘယ်လောက်ပဲရရ ကျေနပ်ပါတယ်။ ကျနော် ဒီတိုင်းပြည်အတွက် ရယ်ရွယ်ကြံစည်ထားတဲ့ အစီအစဉ်ဟာလည်း မှန်ကန်တဲ့အရာတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်” ဟု မဲရုံသို့လာရောက်မဲထည့်ခဲ့စဉ်တွင် သတင်းထောက်များကို ပြောခဲ့သည်။

ပူတင်သည် ပြီးခဲ့သော သောကြာနေ့ကတည်းက ရုရှားပြည်သူများအား နိုင်ငံသားအားလုံးချစ်မြတ်နိုးကြသည့် ကြီးမြတ်သောရုရှားနိုင်ငံကြီး၏အနာဂတ်အတွက် ၎င်းတို့၏အခွင့်အရေးကိုအသုံးချကာ မှန်ကန်သောရွေးချယ်မှု ကို ပြုလုပ်ကြဖို့ တိုက်တွန်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required